ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ တတိယပတ်)

Post By Pan Su Wai, On September 22, 2020

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ကိုးခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နှစ်ခု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရခိုင်အမျိုးသားပါတီ (ANP)၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ ISP-Myanmar Peace Desk မှ အနှစ်ချုပ်ဖော်ပြပေးမည် ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ “ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန”က စက်တင်ဘာ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံ တွေ့ရှိရမှု ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများ နှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေ့ရှိရမှု များပြားလာသဖြင့် ရောဂါကူးစက်ပြန့်နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း” ဖော်ပြခဲ့သည်။

ဆက်လက်ပြီး “မိမိနေအိမ်တွင်သာ နေထိုင်ရန် (အစိုးရဌာနများအနေဖြင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်အိမ်မှာနေ၍ ရုံးလုပ်ငန်းများဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန် နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ်တကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်သူများ မပါ)၊ ကုန်ကြမ်းယူ၊ ကုန်ကြမ်းပေးဆောင်ရွက် သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများအား စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုရန်နှင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍လုပ်ငန်းဆောင်ရွက်ရန်” စသည့် စည်းကမ်းချက်များလည်း ပါရှိခဲ့သည်။

ယင်းနောက် “အဆိုပါအမိန့်မှာ စက်တင်ဘာ ၂၁ ရက် မနက် ၈ နာရီတွင် စတင်သက်ရောက်မည် ဖြစ်ပြီး စည်းကမ်းချက်များအား လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ယင်းထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၆ ရက်စွဲဖြင့် “ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သား ၃ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း” သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တပ်မတော်စစ်ကြောင်းတခုသည် ဇွန်လ ၃၀ ရက်တွင် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာအနီး အခြေပြုရာမှ ဦးဂါကျေးရွာနေ အမျိုးသမီးတဦး အား စစ်သည် သုံးဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု ယင်းအမျိုးသမီးမှ စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ သံသယရှိသူများအား စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ နှစ်ဖက်သက်သေများဖြင့် စနစ်တကျ စစ်ဆေးဖော်ထုတ်ခဲ့ရာ ပထမအကြိမ် စစ်မေးရာတွင် ပြစ်မှုကျူးလွန်သူ သုံးဦးမှာ ပြစ်မှုကျူးလွန်ခဲ့မှုမရှိကြောင်း လိမ်လည်ထွက်ဆိုသော်လည်း နှစ်ဖက်သက်သေထွက်ဆိုချက်များမှာ ကွဲလွဲမှုများပြားနေသဖြင့် စက်တင်ဘာလဆန်း၌ ပိုမိုတိကျသည့် စစ်ဆေးချက်များနှင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ အဆိုပါ ပြစ်မှုကျူးလွန်သူ သုံးဦးမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

သို့ဖြစ်၍ “ ပြစ်မှုကျူးလွန်သူ တပ်မတော်သား သုံးဦးအား စစ်တရားရုံးဖွဲ့စည်း၍ ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးနှင့် ကျန်တာဝန်ရှိသူများ အားလည်း စစ်စည်းကမ်းအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၈ ရက်စွဲဖြင့် “မှော်ဘီမြို့နယ် အတွင်းရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာတွင် ပါတီဆိုင်းဘုတ်များ စိုက်ထူမှုအပေါ် ကော်မရှင်သို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်း ရှေ့မျက်နှာစာတပ်ရင်းဂိတ် အုတ်တံတိုင်းနှင့် ရန်ကုန်-ပြည် ကားလမ်းဘေး ကားမှတ်တိုင်အနီး၌ စက်တင်ဘာ ၁၃ ရက်တွင် NLD ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်းကောင်း ရွေးကောက်ပွဲအောင်နိုင်ရေးပါတီဆိုင်းဘုတ်များအား အသီးသီးလာရောက် စိုက်ထူခဲ့ကြကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “စက်တင်ဘာ ၁၅ ရက်တွင် တပ်မှ တာဝန်ရှိသူတို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ ဆိုင်းဘုတ်များ တပ်မျက်နှာစာမှ လွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းစိုက်ထူပေးနိုင်ရန် မေတ္တာရပ်ခံခဲ့ရာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ ဆိုင်းဘုတ်များအား ကားလမ်း၏ တစ်ဖက်ခြမ်းနေရာသို့ ပြောင်းရွှေ့စိုက်ထူခဲ့သော်လည်း NLD ပါတီဆိုင်းဘုတ်မှာ ဆက်လက်စိုက်ထူထားဆဲဖြစ်နေ၍ သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်ကော်မရှင် အဆင့်ဆင့်သို့ တပ်တာဝန်ရှိသူများမှ ထပ်မံအသိပေးအကြောင်းကြားထားကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က “ပလက်ဝမြို့နယ်အတွင်းရှိ သွားလာမှုကန့်သတ်ထားသည့် တားမြစ်နယ်မြေတွင်ဒေသခံပြည်သူတစ်ဦး မိုင်းနင်းမိကြောင်း” စက်တင်ဘာ ၂၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းထုတ်ပြန်မှုတွင် “ချင်းပြည်နယ်၊ ပလက်ဝမြို့နေ အမျိုးသမီးသုံးဦးတို့သည် စက်တင်ဘာ ၁၈ ရက်တွင် မျှစ်ချိုးရန် စက်လှေဖြင့် ပလက်ဝမြို့မှ ပလက်ဝချောင်းအတိုင်း ထွက်ခွာခဲ့ပြီး ပလက်ဝအရှေ့ဘက် ကန့်သတ်နယ်မြေအနီး အရောက်၌ စက်လှေရပ်၍ မျှစ်ချိုးစဉ် အမျိုးသမီးတဦးသည် နင်းမိုင်းတလုံး နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “ကျန်အမျိုးသမီးနှစ်ဦးမှာ ပလက်ဝမြို့သို့ စက်လှေဖြင့် ပြန်လည် ထွက်ခွာခဲ့ပြီး မိုင်းနင်းမိကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်တို့ထံ သတင်းပို့၍ လူနာအား သွားရောက်ခေါ်ဆောင်ခဲ့ပြီး ပလက်ဝမြို့ ပြည်သူဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ မိုင်းထိမှန်မှုကြောင့် သွေးထွက်လွန် သေဆုံးသွားခဲ့ကြောင်း” သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၅ ရက်စွဲဖြင့် “ပလက်ဝမြို့နယ် ကန့်သတ်နယ်မြေအတွင်း မသင်္ကာဖွယ် အထမ်းသမား ၄၁ ဦးအား ဒေသန္တရ အမိန့်လိုက်နာရန် ပျက်ကွက်မှု ဥပဒေပုဒ်မ -၁၈၈ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး စိစစ်မေးမြန်းလျက် ရှိကြောင်း” သတင်းထုတ်ပြန်ချက်နှင့် “မင်းပြားမြို့နယ်အတွင်း ဒေသန္တရအမိန့် လိုက်နာရန်ပျက်ကွက်မှုဖြင့် မသင်္ကာဖွယ် ငါးဦးအား ဖမ်းဆီးခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်များကို အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

ယင်းနောက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်မှ စက်တင်ဘာတတိယပတ်အတွင်း “AA အဖွဲ့က ဘင်္ဂါလီတဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း” စက်တင်ဘာ ၁၇ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်၊ “AA အဖွဲ့က တပ်မတော်စစ်ရေယာဉ်များအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်းနှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း” စက်တင်ဘာ ၁၈ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ရခိုင်အမျိုးသားပါတီ(ANP)ပါတီက စက်တင်ဘာ ၁၆ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။ အချက်ငါးချက်ပါ အဆိုပါထုတ်ပြန် ကြေညာချက်တွင် “ ရခိုင်ပြည်နယ်၌ အပြစ်မဲ့ အရပ်သားပြည်သူများ နေ့စဉ်ရက်ဆက် အသက်အိုးအိမ်ဆုံးရှုံးနေရသည့်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးကို ဆောလျင်စွာ ပါဝင်ပူးပေါင်းအဖြေရှာကြရန် တိုက်တွန်းကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “နိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် တာဝန်ရှိသည်နှင့် အညီ တပြည်လုံးအတိုင်းအတာအရ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လက်တွေ့အားဖြင့် မဖြစ်နိုင်သောအခြေအနေ ဖြစ်ပေါ်တည်ရှိနေမှုအား အလေးထား သုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း”ထပ်မံဖော်ပြခဲ့ပါသည်။

ယင်းနောက် “၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၉ရက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့‌ကြသည့် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂမှ တက္ကသိုလ်ကျောင်းသားလူငယ်များအား မှန်ကန်ညီညွတ်သော ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ခြင်းမရှိခဲ့သော ရခိုင်ပြည်နယ်အစိုးရ၏လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း” ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော MNDAA ဝတ်စုံဝတ်ဆင်ထားသည့် တပ်သားအလောင်းပုံပါ လားရှိုးမြို့နယ် ထန်းခေါက်ရွာသတင်းနှင့် ပတ်သက်၍ MNTJP/ MNDAA အဖွဲ့က စက်တင်ဘာ ၁၅ ရက်စွဲဖြင့် ရှင်းလင်းထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါရှင်းလင်းမှုတွင် “ တပ်မတော်၏ အဆိုပါထုတ်ပြန်မှုမှာ MNDAA အဖွဲ့အား စွပ်စွဲနေခြင်းသာ ဖြစ်ကြောင်း၊ MNDAA အနေဖြင့် လားရှိုးမြို့တဝိုက်တွင် တပ်သားများ ဝင်ရောက်လှုပ်ရှားခြင်းမရှိခဲ့သလို ဩဂုတ် ၃၀ ရက်တွင်လည်း တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှု လုံး၀မရှိခဲ့ကြောင်း” ပါရှိခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ “စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်သော်လည်း အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုများ” သတင်းထုတ်ပြန်ချက်ကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တိုက်ပွဲများဖြစ်ပွားနေစဉ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြောင်းလဲဘဲ တိုးပွားလာနေကြောင်း၊ ND- Burma မှ အစီရင်ခံသည့် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီမှ ဇွန်လအတွင်း ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ကချင်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဖြစ်အပျက် ၄၀၁ ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ၄၄၆ခု ရှိခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ထို့အပြင်“တိုက်ပွဲများဖြစ်ပွားရာဒေသများအား တပ်မတော်မှ ပိတ်ဆို့ထားသည့်အတွက် လူသားချင်း စာနာသည့် အကူအညီများ အရေးပေါ်ပေးပို့ရန် နှောင့်နှေးစေပြီး စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စိုးရိမ်ဖွယ် အခြေအနေကို ဖြစ်ပေါ်စေကြောင်း၊ အလားတူ တင်းကြပ်သည့် စာပေစိစစ်ရေးအောက်တွင် သတင်းသမား များအတွက် ရေးသားတင်ပြရန် အခြေအနေမှာ ဆက်လက်ကျဉ်းမြောင်းနေဆဲဖြစ်ကြောင်း” ဆက်လက်ဖော်ပြခဲ့ပါသည်။

ယင်းနောက် “လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ်ကျုးလွန်မှုအပေါ် တာဝန်ခံရန်နှင့် တရားမျှတမှုအတွက် ND- Burma မှ ထပ်မံတောင်းဆိုကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အလေးထားဆောင်ရွက်မည်ဆိုပါက ဖြစ်စဉ်တွင် ပါဝင်နေသူအားလုံးပါဝင်သည့် ညှိနှိုင်းဆွေးနွေးပွဲများနှင့် အတူ တိုက်ပွဲများကြောင့် ထိခိုက် နစ်နာရသူများ၏ လိုအပ်ချက်ကိုပါထည့်သွင်းစဉ်းစား၍ အပစ်ခတ်ရပ်စဲရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြန်လည်ကုစားပေးလျော်မှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုများရရှိရန် အချိန်လင့်နေပြီး မြန်မာပြည်ရှိ ပြည်သူများမှာ တရားမျှတမှုနှင့် ထိုက်တန်သည်မှာ အမှန်ပင်ဖြစ်ကြောင်း” ယင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။