ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ နောက်ဆုံးပတ်)

Post By Pan Su Wai, On December 29, 2020

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရနှင့် မိုင်းလားအဖွဲ့ (NDAA)တို့မှ ထုတ်ပြန်ချက် ကိုးခု အထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်နှစ်ခု၊ ချင်းအရပ်ဘက်အဖွဲ့အစည်း (၈)ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/ SSA)နှင့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်တို့မှ တခုစီ အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့်ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

 

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ နောက်ဆုံးပတ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်စွဲဖြင့် “ပိုးတွေ့လူနာတွေ့ရှိမှု လျော့နည်းလာသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိမြို့ နယ်ပေါင်း ၁၂ မြို့နယ်ကို နေအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at Home)မှ ပယ်ဖျက်လိုက်ကြောင်း” ထုတ်ပြန်ချက်ကို ခြောက်ခုထိ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ “Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်သော တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ်များမှာ ရန်ကုန်တိုင်းမှ သုံးမြို့နယ်၊ မန္တလေးတိုင်းမှ တမြို့နယ်၊ ပဲခူးတိုင်းမှ နှစ်မြို့နယ်၊ ဧရာဝတီတိုင်းမှ နှစ်မြို့နယ်၊ မွန်ပြည်နယ်မှ နှစ်မြို့နယ်၊ ကချင်ပြည်နယ်မှ နှစ်မြို့နယ်ဖြင့် စုစုပေါင်း ၁၂ မြို့နယ် ဖြစ်ကြောင်း” သိရပါသည်။ အဆိုပါမြို့နယ်များမှာ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကွမ်းခြံကုန်း၊ အမရပူရ၊ ကဝ၊ သနပ်ပင်၊ ဖျာပုံ၊ မအူပင်၊ မော်လမြိုင်၊ ဘီးလင်း၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ်တို့ဖြစ်ကြောင်းလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့ပါသည်။

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ” မန္တလေးတိုင်းအတွင်းရှိ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးမြို့နယ်များကို အိမ်တွင် နေထိုင်ရေး အစီအစဉ် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည်”ဟု သိရပါသည်။

 

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၀ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် နှစ်ခုထွက်ရှိခဲ့ပါသည်။

တပ်မတော်က “မဲစာရင်းကွာဟချက်များ ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သောမြို့နယ်များမှ စိစစ်ပြီးသည့် အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် တနိုင်းမြို့နယ် လေးမြို့နယ်၏ အချက်အလက်များကို Excel ဖိုင်များဖြင့် ဖော်ပြထားကြောင်း” ဒီဇင်ဘာ ၂၃ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် တပ်မတော်က “မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်း၍ ဒုတိယအကြိမ်ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၆ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ခဲ့ပြီး ထပ်မံစိစစ်ပြီးသည့် မြစ်ကြီးနား၊ လယ်ဝေးနှင့် စေတုတ္တရာမြို့နယ် သုံးမြို့နယ်၏ မဲစာရင်းကွာဟမှု အချက်အလက်များကို Excel ဖိုင်များဖြင့် ဖော်ပြထားကြောင်း” ဖော်ပြခဲ့ပါသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ကိုဗစ်- ၁၉ရောဂါ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်၍ မိုင်းလားအဖွဲ့(NDAA)မှ ထုတ်ပြန်ချက်နှစ်ခု ထွက်ရှိခဲ့ပါသည်။

NDAA အဖွဲ့က “မိုင်းလားမြို့တွင်း နေရာတချို့သွားလာမှု ကန့်သတ်ခြင်းဆိုင်ရာ အသိပေးအကြောင်းကြားခြင်း” ကို ဒီဇင်ဘာ ၂၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ တာလော့ စစ်ဆေးရေးဂိတ်ကို အမြဲဖွင့်လှစ်ထားပြီး နေရပ်သို့ ပြန်လိုသည့် တရုတ်နိုင်ငံသားများသည် သတ်မှတ်ချက်အတိုင်း အချိန်မရွေးပြန်နိုင်ကြောင်း၊ တရားမဝင်လမ်းကြောင်းမှတဆင့် နယ်စပ် ဖြတ်သန်းမှုကို တင်းကျပ်စွာ တားမြစ်ထား၍ ဒေသအတွင်း တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးမိပါက သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်း ပြင်းထန်စွာအရေးယူခြင်းခံရမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် NDAA အဖွဲ့မှ “ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ အသိပေးနှိုးဆော်ချက်”ကို ဒီဇင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “နမ့်မချောင်း တောင်ဘက်ရှိ ရွှေပြည်တံတား နာရီစင်မှ ပြည်ဝင်မုခ်ဦး စုစုပေါင်းစစ်ဆေးရေးဂိတ်အထိ ရွှေပြည်တံတားနာရီစင်မှ သုညကီလို အဝိုင်းပတ် နမ့်မချောင်း မြောက်ဘက်နှင့် ဝမ်ရှို ဖွံ့ဖြိုးရေးဇုန်အထိ စသည့် (၄) နေရာ၌ နေထိုင်သည့် ပြည်သူများအားလုံးကို အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရောဂါစစ်ဆေးခြင်းလုပ်ငန်းကို အဖွဲ့လိုက်ခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တကြိမ် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရောဂါစစ်ဆေးခြင်း၏ ကုန်ကျစရိတ်ကို အထူးဒေသ(၄) ဘဏ္ဍာရေးမှ ကုန်ကျခံ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

“ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု ဝမ်နက်ရွာ သက်ငယ်မုဒိမ်း၊ လူသတ်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်”ကို ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA)က ဒီဇင်ဘာ ၂၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ “ဝမ်နက်ရွာ သက်ငယ်မုဒိမ်း၊ လူသတ်မှုနှင့်ပတ်သက်၍ တရားခံသည် အသက်မပြည့်သောသူကို မုဒိမ်းပြုကျင့်သောကြောင့် သက်ငယ်မုဒိမ်းကျူးလွန်မှု၊ မုဒိမ်းပြုကျင့်ပြီး သေသည်အထိ လုပ်ကြံခဲ့သောကြောင့် လူသတ်မှုမြောက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးမှ တရားခံအား ပြစ်မှုနှစ်ခုကျူးလွန်မှုဖြင့် သေဒဏ်ချမှတ်လိုက်ပါကြောင်း” SSPP/ SSA ၏ ထုတ်ပြန်မှုတွင် ပါရှိပါ သည်။

 

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ဒီဇင်ဘာ နောက်ဆုံးပတ်ကာလအတွင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နှင့် ချင်းအရပ်ဘက် အဖွဲ့အစည်း (၈)ဖွဲ့တို့မှ ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

ချင်းအရပ်ဘက်အဖွဲ့အစည်း (၈)ဖွဲ့က   “ချင်းပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးအတွေ့အကြုံရှိသည့် ကိုယ်စားလှယ်ကို ရွေးချယ်ရန်” ပူးတွဲထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၈ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ချင်းပြည်နယ်သည် နိုင်ငံတွင်းဆင်းရဲမွဲတေမှုအဆင့် အမြင့်ဆုံးတွင်ရှိနေခြင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းပြည်နယ်အစိုးရအနေဖြင့် စစ်တမ်းရလဒ်တခုတွင် လာဘ်ပေးလာဘ်ယူ အမြင့်ဆုံးတွင် ရှိနေခြင်း၊ ပြည်နယ်တွင်း ဘတ်ဂျက်ခွဲဝေမှုမညီမျှမှုများရှိခြင်းကြောင့် နောင်ဖွဲ့စည်းမည့်အစိုးရတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး နောက်ခံအတွေ့အကြုံရှိသည့် ပြည်သူ့ကိုယ်စားလှယ်ကိုသာ တာဝန်ပေးသင့်ပါကြောင်း” ပါရှိပါသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ “ဒုတိယအကြိမ်အထွေထွေညီလာခံ ထုတ်ပြန်ကြေညာချက်” ကို ဒီဇင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဌာနေတိုင်းရင်းသားတို့ကို လျစ်လျူရှုသော ၎င်းတို့၏ ဥပဒေနှင့်မူဝါဒများကို ပြန်လည်ပြုပြင်ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ဓလေ့ ထုံးတမ်းများကို ကော်သူးလေတွင်သာမက မြန်မာတဝန်းရှိ တိုင်းရင်းသားအားလုံး၏ နယ်မြေတွင် မဖြစ်မနေအသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ သစ်တော၊ မြေယာနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများ၌ ဌာနေတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုလက်ခံရမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသော ၎င်းတို့၏ ဓလေ့ထုံးတမ်းဥပဒေများနှင့် ပြည့်နှက်နေသည့် မြန်မာနိုင်ငံတွင် ပဋိပက္ခကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်း‎ရေးကို ဖန်တီးနိုင်ရန်အတွက် အထက်ပါအကြောင်း အရာများမှာ ရေရှည်တည်တံ့ပြီး တရားမျှတသော နည်းလမ်းသာဖြစ်ကြောင်း” သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။