ထုတ်ပြန်ကြေညာချက်များ (မေ ဒုတိယပတ်)

Post By Pan Su Wai, On May 12, 2020

ထုတ်ပြန်ကြေညာချက်များ (မေ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် မေ ၅ ရက်မှ ၁၁ ရက်အထိ (မေ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ကိုးခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရမှ တခု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် နှစ်ခုစီ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

မေ ဒုတိယပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက “ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်” ထုတ်ပြန်ချက်ကို မေ ၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့မှုမှာ COVID -19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံတွင် COVID-19  ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင်၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ(၆) ရပ်အနက်မှ အချက်(၄)ချက်ကို အလေးအနက်ထား လိုက်နာရန် လိုအပ်မည်ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ေ ပါ်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ယင်းနောက် “တပ်မတော်က တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမည်ဟူသော သံန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ COVID-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များအား နိုင်ငံအရေး၊ အမျိုးသားအရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆက်လက်ပါဝင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ ပါသည်။

AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူများကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အမ်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် သတင်းထုတ်ပြန်ချက် သုံးခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော ULA/AA, PSLF/TNLA, MNTJP/MNDAA တို့မှ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ COVID -19 ထိန်းချုပ်ရေးကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ကြေညာချက်” ကို မေ ၁၀ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

ထို့ပြင် AA အဖွဲ့ ကလည်း “COVID- 19 ထိန်းချုပ်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ချက်” ကို မေ ၁၀ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

အချက် ငါးချက်ပါဝင်သည့် သဘောထားထုတ်ပြန်ချက်တခုကို ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကော်မတီက မေ ၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော် နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် ဒေသခံချင်းပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ လူဦးရေ ထောင်နှင့် ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေရ၍ အပြစ်မဲ့ချင်းဒုက္ခသည်များအတွက် နယ်မြေလုံခြုံရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ် အမြန်ဆုံး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်အစိုးရနှင့် ချင်းပြည်သူတရပ်လုံးအား နှိုးဆော်တိုက်တွန်းပါကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်နှင့် AA အဖွဲ့တို့အနေဖြင့် COVID-19 ကိုသာ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်သင့်သကဲ့သို့ တိုက်ပွဲများ ရပ်ဆိုင်းပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကို အကောင်အထည်ဖော်ရေးကိုသာ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း” ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကော်မတီ၏ သဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းခဲ့ပါသည်။

ချင်းတိုက်ပွဲရှောင်ပြည်သူများ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI)ကလည်း မေ ၅ ရက်စွဲဖြင့် “ချင်းတိုက်ပွဲရှောင် ပြည်သူများအရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် RRCCIတို့ Zoom meeting ဖြင့် ဆွေးနွေးခဲ့ကြမှု” ကို သတင်းထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။