ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On January 31, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ( ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် လူချင်းအလဲအလှယ် မလုပ်လျှင် စစ်ဘက်နှင့် ဆိုင်သူများကို လွှတ်ပေးမည်မဟုတ်ဟု AA ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောကြားခဲ့မှု၊ ဖာပွန်တွင် တပ်ရင်းမှူး မိုင်းထိကျဆုံးခဲ့ပြီးနောက် KNU ၏ဆောင်ရွက်ချက်များကို သတိပေးကန့်ကွက်ထားဟု တပ်မတော်ဘက်က ထုတ်ပြန်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက် စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် တပ်မတော်၏ လေးလပတ်အစည်းအဝေးရှိ၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့နှင့် သီးခြားစီ တွေ့ဆုံ၍ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားခြင်းကို ဖေဖော်ဝါရီသို့ ရွှေ့ ဆိုင်းခဲ့မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီမှ အဖွဲ့အစည်းရပ်တည်ရေးအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

နိုင်ငံရေးနှင့် ဆက်စပ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသည့် ရခိုင်ပြည်သူများအပါအဝင် AA တပ်ဖွဲ့ ဝင်များကို ပြန်လည်လွှတ်မပေးလျှင် စစ်ဘက်နှင့် သက်ဆိုင်သူအားလုံးကို ဆက်လက်ဖမ်းဆီးထားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာသတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

AA အဖွဲ့အနေဖြင့် ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိထားသည့် တပ်မတော်သားဟု ဆိုသူ နှစ်ဦးကို ဇန်နဝါရီ ၂၈ ရက်က လွှတ်ပေးခဲ့ပြီးနောက် AA အဖွဲ့၏ သဘောထားကို ခိုင်သုခက ပြောကြားခဲ့ခြင်းဖြစ်သည်။

AA အဖွဲ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီကတည်းက ၎င်းတို့ ဖမ်းဆီးထားသည့် Mytel ကုမ္ပဏီမှ ညွန်ကြားရေးမှူးအဆင့်ရှိသူ တဦးနှင့် ကားဒရိုင်ဘာ တဦးတို့ကိုလည်း ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ကရင်အမျိုးသားအစည်းအရုံး(KNU)၏မိုင်းခွဲတိုက်ခိုက်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်အပါအဝင် KNU ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U နှင့် KNU ထံ တပ်မတော်က သတိပေးကန့်ကွက်စာ ပေးပို့ခဲ့မှုမှာ ဇန်နဝါရီနောက်ဆုံးပတ်အတွင်း သတိပြုစရာအကြောင်းအရာတခု ဖြစ်ခဲ့ပါသည်။

KNU ဘက်ကမူ တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး တပ်မတော်က KNU တပ်မဟာ(၅) နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ ဝင်ရောက်၍ ၎င်းတို့ထောင်ထားသည့် ကားမိုင်းကို ဖောက်ခွဲ ခဲ့ခြင်းကြောင့် ယခုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။

လမ်းဖောက်လုပ်သည့်ဖြစ်စဉ်ကြောင့် တပ်မတော်နှင့် KNU တပ်မဟာ (၅) အကြား ယခုလအစပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သကဲ့သို့ တပ်မတော်မှ KNU ၏ တပ်စခန်းများကို ဒရုန်းများလွှတ်၍ စုံစမ်း ထောက်လှမ်းနေသည်ဟု ဆိုကာ KNU တပ်မဟာ(၅)က ကရင်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC -S)သို့ ဇန်နဝါရီ ၂၁ရက်က ကန့်ကွက်စာပေးပို့ခဲ့မှု လည်း ရှိခဲ့ပါသည်။

နောက်ထပ်အာရုံစိုက်စရာသတင်းတပုဒ်မှာ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ သီးခြားစီ တွေ့ဆုံ၍ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားမှုကို တပ်မတော်၏ လေးလပတ်အစည်းအဝေးရှိ၍ ရွှေ့ ဆိုင်းခဲ့သည့် သတင်းဖြစ်ပါသည်။ တပ်မတော်နှင့် KNU တို့၏ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ဇန်နဝါရီ ၃၀ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံခဲ့ခြင်းသည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ အဆိုပါတွေ့ဆုံမှု၌ မွန်အမျိုးသားနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်ကိစ္စနှင့် ဒေသဖွံ့ဖြိုးရေး အပါအဝင် အဖွဲ့ အစည်းရပ်တည်ရေးအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့ကြောင်း သိရပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။