ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ ပထမပတ်)

Post By Pan Su Wai, On September 8, 2020

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ကိုးခုအထိ ထွက်ရှိခဲ့ပြီး အစိုးရမှ နှစ်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ လေးခု၊ ဗကသများအဖွဲ့ချုပ်မှ တခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပါတီများက လေးခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်

စက်တင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ”ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်”မှာ ယခုရက်သတ္တပတ်အတွင်း အများပြည်သူအကြား လှုပ်ခတ်မှုဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံ တွေ့ရှိရမှု ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေ့ရှိရမှု များပြားလာသဖြင့် ရောဂါကူးစက်ပြန့်နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင်သာ နေထိုင်ရန် လိုအပ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရန်ကုန်တိုင်းအတွင်း သင်္ကန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်၊ မင်္ဂလာဒုံမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ပြီး လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ယင်းထုတ်ပြန်မှုတွင် ပါရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က “ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ကြေညာချက်” ကို စက်တင်ဘာ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ယခုကာလ၌ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေအရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ပြန်မည့် ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်၊ သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ အထူးအလေးထားပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည၁၂နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်သည်” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ စက်တင်ဘာ ၅ ရက်စွဲဖြင့် “တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “ဝ” အဖွဲ့ (UWSA/ UWSP)မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ယခုတွေ့ဆုံမှုကို “ဝ”အဖွဲ့( UWSA/ UWSP)မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို UWSA/ UWSP “ဝ”ဒေသသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ”ဖော်ပြခဲ့ပါသည်။

ထို့အပြင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း” စက်တင်ဘာ ၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ အနေဖြင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်မှ စက်တင်ဘာပထမပတ် အတွင်း သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များအနက် “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အရပ်ဝတ်များ ဝတ်ဆင်ထားသည့် AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း” စက်တင်ဘာ ၆ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရန်ကုန်-စစ်တွေကားလမ်း တောင်ပေါက်ကျေးရွာအနီးသို့အရောက် AA အဖွဲ့က လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရီမုမိုင်း တလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သည်အချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာတစ်ဝိုက်၌ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ရီမုမိုင်းတလုံးဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် အလောင်း နှစ်လောင်းအား M-22 သေနတ် တလက်၊ ရီမုမိုင်းတလုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း” ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

ထို့အပြင် တပ်မတော်က စက်တင်ဘာ ၄ ရက်စွဲဖြင့် “ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA တပ်ဖွဲ့ဝင်တဦးအား အသေပစ်ခတ် ဖမ်းဆီးရမိကြောင်း” သတင်းထုတ်ပြန်ချက်နှင့် စက်တင်ဘာ ၇ ရက်စွဲဖြင့် “ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာတစ်ဝိုက် အခြေပြုနေသော AA အဖွဲ့အား အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေး ပြုလုပ်ဖယ်ရှားမှုကြောင့် ကျေနပ်မှုမရှိ၍ တပ်ဌာနချုပ် ၁ ခုအား နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း”သတင်းထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/ SSA)အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တို့က ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) အဖွဲ့၏ စက်တင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တွင် “တရားဝင်နိုင်ငံရေးပါတီများသည် RCSS အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း လာရောက်မဲဆွယ်ရာတွင် ရှမ်းပြည် အရေး၊ ပြည်ထောင်စုအရေး ဦးထိပ်ထား၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲ ဥပဒေများ၊ ကိုဗစ်- ၁၉ ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်ပါကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “မဲဆွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီများသည် RCSS ၏ ဆက်ဆံရေးရုံးများနှင့်ဖြစ်စေ၊ ဒေသအတွင်းရှိ နယ်မြေခံ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဖြစ်စေ၊ ကြိုတင်ဆက်သွယ် အကြောင်းကြားပြီးမှသာ မဲဆွယ်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်‌‌‌ကြောင်း” RCSS/ SSA အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

အလားတူ စက်တင်ဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်လည်း “ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ အရွေးခံမည့် ပုဂ္ဂိုလ်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်အတိုင်း တိတိကျကျလိုက်နာကြပါရန်နှင့် CNF အဖွဲ့၏ အခြေချ နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်မည် ဆိုပါက CNF အဖွဲ့ထံ ကြိုတင်ခွင့်ပြုချက်ရယူခြင်းဖြင့် ချိတ်ဆက် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း” ပါရှိခဲ့သည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာထားခြင်း ခံထားရသည့် ULA/AA အဖွဲ့က စက်တင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် PSLF/TNLAအဖွဲ့၊ MNTJP/MNDAA အဖွဲ့နှင့် ULA/AA အဖွဲ့တို့ကလည်း စက်တင်ဘာ ၁ ရက်စွဲဖြင့် “ငြိမ်းချမ်းရေးလုပ်ငန်း၊ ကိုဗစ်ဒုတိယလှိုင်းအား ထိန်းချုပ်တားဆီးနိုင်ရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲ လုပ်ငန်းများကို အထောက်အကူပြုစေရန်အတွက် သတ္တမအကြိမ်အားဖြင့် တဖက်သတ် အပစ်အခတ်ရပ်စဲခြင်း သက်တမ်းတိုးမြှင့်ကြောင်း” ထုတ်ပြန်ကြေညာ ချက်တခုထွက်ရှိခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်များ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီက စက်တင်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးတို့တွင် ဖြစ်ပွားခဲ့သည့် မီးရှို့ခံရမှုနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်”မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။။

အဆိုပါထုတ်ပြန်ချက်တွင် “ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက် ကျေးရွာတို့မှာ စက်တင်ဘာ ၃ ရက် ညက ရွာလုံးကျွတ်မီးရှို့ခံရပြီး ကလေး၊ ကျောင်းသားလူငယ်များ အပါ အဝင် အမျိုးသားနှင့် အမျိုးသမီးများ သေဆုံးခဲ့ရကြောင်း၊ တဖက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါမှာ ဒုတိယလှိုင်းအဖြစ် ရခိုင်ဒေသတွင် ပျံ့နှံ့ ကူးစက် လျက်ရှိသဖြင့် ရခိုင်ပြည်သူများမှာ အဆိုပါကပ်ရောဂါ၏ ဒဏ်ကိုလည်း ခံစားနေရကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ သို့ဖြစ်၍ ကိုဗစ်-၁၉ ကာလတွင် အစဉ်အလာကြီးမားသည့် မြန်မာ့တပ်မတော်အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို မြဲမြံစွာကိုင်စွဲ၍ လက်ရှိတပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကို ရခိုင်ဒေသအထိတိုးချဲ့ အကျုံးဝင်စေခြင်းဖြင့် သဘောထားကြီးမှုကို ပြသကာ နှစ်ဖက်အပစ် အခတ်ရပ်စဲကြပါရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းကြောင်း” အဆိုပါထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် ရခိုင်အမျိုးသားပါတီ(ANP)ပါတီကလည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ထံ ” တပ်မတော် ၏ စစ်ရေးနည်းဗျူဟာအား အမြန်ဆုံးရပ်တန့်ပေးရန် တင်ပြတောင်းဆို ကြောင်း” စက်တင်ဘာ ၅ရက်စွဲဖြင့် အိတ်ဖွင့်စာတစောင် ပေးပို့ခဲ့ပါသည်။

အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

စက်တင်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)၏ ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ဇူလိုင်က ၂၉ရက်တွင် ချင်းလူငယ်လေးဦး တို့အား AA အဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ ဆလိုင်းအောင်စိုး မပါ ကျန်သုံးဦးအား ဩဂုတ်လ ၂၅ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယခုအခါ ဆလိုင်းအောင်စိုးအား မတရားထိန်းသိမ်းထားသည်မှာ ငါးပတ်‌ကျော် လာပြီဖြစ်ရာ ၎င်း၏ ကျန်းမာရေးအပါအဝင် အသက်အန္တရာယ်လုံခြုံရေးအား ၎င်းမိသားစုအပါအဝင် KACC မှ များစွာစိတ်ပူပန်လျက်ရှိကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “AA အဖွဲ့မှ မတရားဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လွှတ် ပေးခြင်းမရှိသေးသည့် ချင်းလူမျိုးများအပါအဝင် ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်မှ ဒေသခံအရပ်သားများ အနည်းဆုံး ၁၂ဦးခန့် ကျန်ရှိနေဆဲဖြစ် ကြောင်း၊ သို့ဖြစ်၍ KACC အနေဖြင့် ဆလိုင်းအောင်စိုး အပါအဝင် AAအဖွဲ့မှ နည်းအမျိုးမျိုးဖြင့် ဒေသခံချင်းလူမျိုးများအပါအဝင် ချင်းလူမျိုးများအား ဖမ်းဆီးထိန်းသိမ်းခြင်းများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် အလေးအနက် ထပ်မံတောင်းဆိုကြောင်း” KACC ၏ ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။