ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် တတိယပတ်)

Post By Nyein Ko Ko Soe, On June 19, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၁၂ ရက်မှ ၁၈ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် KIO/KIA အဖွဲ့ အနေဖြင့် အပစ်ရပ်စဲရေးကို မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့် အတူ လုပ်ဆောင်ရန် ခက်ခဲနေပါက တစ်ဖွဲ့တည်း ခွဲ၍ လုပ်ဆောင်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက တိုက်တွန်းခဲ့မှု၊ ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းအာဏာပိုင်များက လာရောက်သတိပေးခဲ့မှုတို့မှာ သတိပြုစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးကျင်းပရေး လုံလောက်သည့် အချိန်နှင့် လုံလောက်သည့် ဆွေးနွေးမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရား အသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့မှ အဖွဲ့အစည်းအချို့ အစိုးရနှင့် အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်ရန် အခက်အခဲ ရှိနေခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

KIO/KIA အဖွဲ့အနေဖြင့် အပစ်ရပ်စဲရေးကို မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့်အတူ လုပ်ဆောင်ရန် ခက်ခဲနေပါက တစ်ဖွဲ့တည်းခွဲ၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ပြောကြားခဲ့မှုကို ဖော်ပြခဲ့သည့် ဇွန် ၁၈ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် PSLF/TNLA အဖွဲ့၊ KIO/KIA အဖွဲ့၊ MNTJP/ MNDAA အဖွဲ့တို့၏ မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အနေဖြင့် အစိုးရ၊ တပ်မတော် နှင့် အပစ်ရပ်စဲရေးဆောင်ရွက်ရန် ညှိနှိုင်းနေရာ ပြေလည်မှု မရဘဲ ဆွေးနွေးပွဲများ ရပ်ဆိုင်းနေခြင်းဖြစ်သည်။

KIO/KIA အနေဖြင့် အပစ်ရပ်စဲရေးလုပ်ဆောင်ရန် အသင့်ရှိသော်လည်း မဟာမိတ်အဖွဲ့များနှင့်အတူ တစ်ပြိုင်တည်း လက်မှတ်ရေးထိုးလိုကြောင်း ၎င်းတို့အဖွဲ့၏ သဘောထားကို ပြောကြားထားရာ KIO ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာမနာမ်တူးဂျာက ပုံသေမထားဘဲ တဖွဲ့ချင်းစီ ရေးထိုးရန် အရေးကြီးသည်ဟု 7 Day သတင်းစာသို့ ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တဝိုက်တွင် စစ်ရေးအခြေအနေတည်ငြိမ်ခြင်းမရှိဘဲ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်၍ အရပ်သားများ သတိကြီးစွာ နေထိုင်ရန် လိုအပ်ကြောင်း KIO/KIA အဖွဲ့က သတိပေးထားသည်ဟု ဖော်ပြထားသော ဧရာဝတီသတင်းဌာန၏ ဇွန် ၁၈ ရက် သတင်းဖော်ပြမှုမှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

ဇွန်လအတွင်း ကွတ်ခိုင်မြို့နယ်၌ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားသည်မှာ ၄ ကြိမ်ခန့် ရှိပြီဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်၍ သတိကြီးစွာ ထားရန် လိုအပ်နေသော အချိန်ကာလဖြစ်ကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

နောက်ထပ်စိတ်ဝင်စားစရာ သတင်းတပုဒ်မှာ 7 Day Daily သတင်းစာက ဇွန် ၁၅ ရက်တွင် ဖော်ပြခဲ့သည့် အစိုးရနှင့် အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်ရန် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့မှ အဖွဲ့အစည်းအချို့တွင် အခက်အခဲရှိကြောင်း PSLF/TNLA အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားခဲ့သော သတင်းဖြစ်ပါသည်။

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန် အစိုးရဘက်မှ ကမ်းလှမ်းထားမှုနှင့် ပတ်သက်၍ ဗိုလ်မှူး မိုင်းအိုက်ကျော်က အင်တာနက်ဖြတ်တောက်မှုများအပါအဝင် ဖုန်းလိုင်းမမိမှုများ ရှိနေ၍ အဆင်မပြေမှု ရှိကြောင်း 7 Day သတင်းစာသို့ ပြောကြားခဲ့ပါသည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့တွင် နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုအချိန်ထိ ထပ်မံ မတွေ့ဆုံနိုင်ခြင်း ဖြစ်သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဇွန် တတိယပတ်ကာလအတွင်း သတိပြုစရာဖြစ်ခဲ့သော သတင်းမှာ ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းအာဏာပိုင်များက လာရောက်သတိပေး ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဇွန် ၁၇ ရက်တွင် သတင်းဖော်ပြခဲ့မှု ဖြစ်ပါ သည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတွင် ဇွန် ၁၅ ရက်မှ၁၇ ရက် အထိ ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးကို ထိုင်းအာဏာပိုင်များမှ ဇွန် ၁၆ ရက်က လာရောက်၍ နှစ်နိုင်ငံကြား အသွားအလာပြုလုပ်ရာတွင် အကြောင်းကြားရန် သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီ သတင်းတွင် ပါရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဝင်ပေါက် ထွက်ပေါက်များကို လုံခြုံရေး တင်းကြပ်ပြီး စိစစ်ဆောင်ရွက်နေခြင်းကြောင်း ယခုကဲ့သို့ သတိပေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြခဲ့ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပရေးအတွက် လုံလောက်သည့် အချိန်နှင့် လုံလောက်သည့် ဆွေးနွေးမှု ရှိရန် လိုအပ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောကြားခဲ့မှုကို 7 Day Daily သတင်းစာက ဇွန် ၁၃ ရက်တွင် ဖော်ပြခဲ့မှုမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံကို အစိုးရက ဇူလိုင်လအတွင်း ကျင်းပလိုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များက ဩဂုတ်လအတွင်း ကျင်းပလိုကြောင်း ထုတ် ဖော်ပြောကြားထားရာ တပ်မတော်၏ သဘောထားကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက 7 Day သတင်းစာသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ ကိုယ်စားလှယ်များ၏ ပြောကြားခဲ့မှုကို 7 Day Daily သတင်းစာက ဇွန် ၁၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

UPDJC အစိုးရအစုအဖွဲ့၏ အတွင်းရေးမှူးတဦးဖြစ်သူ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ညီလာခံကျင်းပမည့်ရက်ကို အတည်ပြုရန် UPDJC တွင် အဓိကတာဝန်ရှိပြီး ယင်းတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း 7 Day သတင်းစာသို့ ပြောကြားခဲ့ပါသည်။ UPDJC ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးစီ ဖြင့် သုံးပွင့်ဆိုင်စုဖွဲ့ထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။