တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On March 25, 2020

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှ မတ် ၂၄ ရက်အထိ (မတ်လ စတုတ္ထပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးအထိ ရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

မတ်လစတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး မတ် ၂၃ ရက် နံနက်ပိုင်းက မင်းပြားမြို့နယ် ကမ်းနီရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ AA အဖွဲ့ထံမှ အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က ပြောကြားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုကို AA ဘက်ကလည်း အတည်ပြုခဲ့ပါသည်။

မတ် ၂၄ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့နယ် လိပ်ရွာကျေးရွာအနီးတွင် နယ်ခြားစောင့်ရဲကားတန်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲအရာရှိကြီး တဦးအပါအဝင်၊ ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိခဲ့ပါသည်။ မတ် ၂၃ ရက် ညပိုင်းက AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာခဲ့ပြီးနောက် ယင်းတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ပြင် မြေပုံမြို့နယ် စညင်းရွာအနီး တောင်တန်းများနှင့် မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာ အနောက်ဘက်တောင်တန်းများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်။

မတ်လစတုတ္ထပတ်အတွင်း ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများတွင် မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့် ဖြစ်စဉ်များမှာ မတ် ၁၈ ရက် ညပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ကျေးရွာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသမီးတဦး သေဆုံးပြီး လူငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ယင်းဒေသတွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော်ရေယာဉ်များက ကုလားတန်မြစ်ကြောင်းတလျှောက် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက စွပ်စွဲခဲ့ပါသည်။

အလားတူ မတ် ၁၉ ရက်ညပိုင်းက ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ်ကြောင်းအနီးရှိ ဝက်မိုင်းကျေးရွာရှိ ဆန်စက်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့၍ ရွာသားငါးဦး ထိခိုက်ဒဏ် ရာရခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က ရှင်းလင်းခဲ့ရာ မတ် ၁၉ ညပိုင်းက ကစ္ဆပနဒီ တံတားအနီးတွင် မသင်္ကာဖွယ်ရာ လူတချို့ကို တွေ့ရှိခဲ့၍ ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

မတ် ၂၂ ရက်ကလည်း ကျောက်တော်မြို့နယ် ဂုတ်ပီးထောင့်ကျေးရွာတွင် လက်နက်ကြီး ကျည်ပေါက်ကွဲခဲ့ပြီး မိန်းကလေး နှစ်ဦးအပါအဝင် လူငယ် ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါသည်။ တပ်မတော်ရေယာဉ်များမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများအနက် မပေါက်ကွဲဘဲ ရှိနေသည့် လက်နက်ကြီး ကျည်တခု ပေါက်ကွဲခဲ့ခြင်းကြောင့်ဟု ဒေသခံများက ပြောကြားခဲ့ပြီး ဒဏ်ရာရသူများအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါသည်။

ထို့ပြင် မတ် ၂၃ ရက်တွင် ပုဏ္ဏားကျွန်း လက်ဝဲမြိုင်ကျေးရွာ၌ မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်ကို ကောက်ယူခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ လူငယ်တဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ် မီးချောင်းတံထားအနီးရှိ ဗျူဟာကုန်းကို သိမ်းပိုက်ရန် ကြိုးပမ်းသည့် AA အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း တပ်မတော်မှ မတ် ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ပြောကြားခဲ့သည်။

တပ်မတော်၏ သတင်းထုတ်ပြန်မှုကို AA အဖွဲ့က ငြင်းဆန်ခဲ့ပြီး ၎င်းတို့၏တပ်ဖွဲ့များမှာလည်း ယင်းဒေသမှ မဆုတ်ခွာသေးကြောင်း ပြောကြားခဲ့သည်။ ယင်းနေရာတွင် ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲများ ပြင်းပြင်းထန်ထန် ရက်ဆက်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး အနီးရှိ ကျေးရွာများကို တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မတ် ၂၂ ရက် နေ့လယ်ကလည်း ပလက်ဝမြို့နယ် ရေချမ်းဝကျေးရွာတွင် တိုက်လေယာဉ်မှ ပစ်ခတ်မှုကြောင့် အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ်တဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ မီးလောင်ခဲ့ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။