ထုတ်ပြန်ကြေညာချက်များ (မတ်လ နောက်ဆုံးပတ်)

Post By Pan Su Wai, On March 31, 2020

ထုတ်ပြန်ကြေညာချက်များ (မတ်လ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ (မတ်လ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၄ ခုအထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခြောက်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခု၊ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးပါတီတို့မှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

မတ်လ နောက်ဆုံးပတ်ကာလအတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များအနက် နိုင်ငံတော်သမ္မတရုံးမှ မတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ” Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းခြင်း” ထုတ်ပြန်ကြေညာချက်မှာ အာရုံစိုက်စရာဖြစ်ခဲ့သည်။

ထုတ်ပြန်ချက်အရ “အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့်ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တို့က အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်ကာ ကော်မတီအတွင်းရေးမှူး(၁)အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ အတွင်းရေးမှူး(၂)အဖြစ် ပြည်ထဲရေးဝန်ကြီးတို့က တာဝန်ယူဆောင်ရွက်မည်”ဟု သိရပါသည်။

ထုတ်ပြန်ချက် ၁၄ ခုအထိ ထုတ်ပြန်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုများအနက် “AA အဖွဲ့ထံသို့ ရိက္ခာပို့ဆောင်သည့် စက်လှေတစ်စင်း ဖမ်းဆီးရမိခဲ့ကြောင်း” မတ် ၂၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်မှုမှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၂ ရက် နံနက်ပိုင်းက ကုလားတန်မြစ်ကြောင်းအတိုင်း မာလာကျေးရွာဘက်မှ ဒတ်ဖြူ ကျေးရွာဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် စက်လှေတစ်စင်းနှင့် လူလေးဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုအရ AA အဖွဲ့ထံသို့  လိုအပ်သည့် ရိက္ခာနှင့် ပစ္စည်းများ ပို့ဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ဆက်လက်ပြီး “ဖမ်းဆီးရမိထားသည့် AA အဖွဲ့နှင့် ဆက်နွယ်သူများကို ထပ်မံစစ်ဆေးရန် ထိန်းသိမ်းထားစဉ် ၎င်းတို့ လေးဦးအနက် ဦးသန်းရွှေမောင်သည် မတ် ၂၈ ရက် နံနက်ပိုင်းတွင် အဆောက်အအုံနံရံအား မိမိကိုယ်မိမိ ဦးခေါင်းနောက်စေ့ဖြင့် ၁၅ ချက်ခန့်ဆောင့်ခဲ့ပြီး ရုတ်တရက် အသက်ရှူသံပြင်းကာ ရုန်းကန်နေသဖြင့် တာဝန်ရှိသူများက လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးစဉ် ရုတ်တရက်နှလုံးရပ်တန့်၍ သေဆုံးသွားခဲ့ကြောင်း၊ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူ၊ မသင်္ကာဖွယ်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “ကုလားတန်မြစ်ကြောင်းတစ် လျှောက်ရှိ တင်းမ၊ မီးဝ၊ နှမဒါ စသည့် ကျေးရွာများသည် AA အဖွဲ့၏အမာခံကျေးရွာများဖြစ်ပြီး ၎င်းတို့အဖွဲ့များ အများဆုံးလှုပ်ရှားသွားလာသည့် ဒေသတစ်ခုဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများနှင့်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားသည့် နေရာဒေသတခု ဖြစ်သည့်အပြင် ကုလားတန်မြစ်ကြောင်းအတိုင်း သွားလာသည့် တပ်မတော်မှ ရေယာဉ်များနှင့် အရပ်ဘက်ရေယာဉ်များကိုလည်း မကြာခဏ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း”လည်း ထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မတ် ၂၇ ရက်စွဲဖြင့် “ ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ တပ်မတော်သို့ လက်နက်များ အပ်နှံကြောင်း” သတင်းထုတ်ပြန်ချက်နှင့် “ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များမှ ခေါင်းဆောင်များအား တွေ့ဆုံခဲ့ကြောင်း” ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

ULA/AA, PSLF/TNLA, MNTJP/MNDAA ညီနောင်မဟာမိတ်(၃)ဖွဲ့၏ မတ် ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “ULA/ AA အား မတရားအသင်း၊ အကြမ်းဖက်အသင်းအဖြစ် သတ်မှတ်ခြင်းနှင့် လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေများအပေါ် သဘောထားထုတ်ပြန်ကြေညာချက်”မှာလည်း အာရုံစိုက်စရာဖြစ်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ညီနောင်မဟာမိတ်(၃)ဖွဲ့ထဲမှ AA အဖွဲ့အား မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ကြောင်း အစိုးရက ကြေညာလိုက်ခြင်းသည် လက်ရှိရပ်တန့်နေသည့် နိုင်ငံရေးတွေ့ဆုံမှုများကို ရိုက်ချိုးပြီး ဆိုးဝါးသည့်အခြေနေကို ပိုမိုဦးတည်စေကြောင်း၊ AA အဖွဲ့အပေါ်စွပ်စွဲချက်များအား လုံးဝလက်မခံဘဲ AA အဖွဲ့နှင့်အတူ စစ်ရေး၊ နိုင်ငံရေးများ ယခင်အတိုင်း စည်းလုံးညီညွတ်စွာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်(COVID- 19)ဖြစ်ပွားနေချိန်တွင် “အစိုးရနှင့် တပ်မတော်တို့မှ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲပေးရန်” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ မတ် ၂၆ရက်စွဲဖြင့် ကြေညာချက်၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့မှ မတ် ၂၇ ရက်စွဲဖြင့် ကြေညာချက်များ အသီးသီးထုတ်ပြန်၍ တောင်းဆိုခဲ့ပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားဒေသ (NDAA)မှလည်း “ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်(COVID- 19)ဖြစ်ပွားနေချိန်တွင် အထူးဒေသ(၄)နှင့် အထူးဒေသ(၂) ပြင်ပဆက်ဆံရေးဌာနတို့၏ သဘောတူညီချက်အရ ရောဂါဖြစ်ပွားသည့် နိုင်ငံ၊ ဒေသနှင့် ပြည်တွင်းမှ လာရောက်သူများနှင့် ခရီးသွားလာမှုအား ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း” မတ် ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

COVID- 19 အရေးပေါ်ကာလအတွင်း ဖြစ်ပေါ်နေသောစစ်ပွဲများနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်း (၅၂)ဖွဲ့ က မတ် ၂၅ ရက်စွဲဖြင့် တောင်းဆိုချက် တခု ထုတ်ပြန်ခဲ့ပါသည်။ ယင်းတောင်းဆိုချက်တွင် “တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတပ်ဖွဲ့များကို ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ချွင်းချက်မရှိ ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အစိုးရနှင့် သက်ဆိုင်ရာအစိုးရဌာနများကို COVID -19 နှင်ပတ်သက်သည့် သတင်းအချက်လက်များ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ပဋိပက္ခဒေသအတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့်ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကိုးမြို့နယ် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ထားခြင်း အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း” အဆိုပါတောင်းဆိုချက်တွင် ဖော်ပြထားသည်။

ချင်းငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့(ရခိုင်ပြည်နယ်)က မတ် ၂၇ ရက်စွဲဖြင့် အချက်ခြောက်ချက်ပါ ထုတ်ပြန်ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပြီး “လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ်ပြီး ဒေသအတွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေနေများ ပြန်လည်တည်ဆောက်နိုင်ရန်နှင့် မလိုလားအပ်သည့် ကိုရိုနာကူးစက်ရောဂါ မပျံ့ပွားစေရန် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ရေရှည်ခိုင်မြဲသောအဖြေများကိုရှာဖွေရန်” တိုက်တွန်းခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။