ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On October 20, 2020

ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ (အောက်တိုဘာ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများ၊ ကျောင်းသားသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၃၂ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်တို့မှ ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ အခြား ထုတ်ပြန်ချက် ရှစ်ခု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သုံးခု၊ ပါတီများမှ ခုနစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လေးခုစီ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ နှစ်ခုနှင့် နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂတို့မှ တခုစီ အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ်ဖော်ပြပေးမည်ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ “တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ရေး” ထုတ်ပြန်ချက်ကို အောက်တိုဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ယခုအခါ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများ၊ အသွင် အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်းများစသည့် တရားမဲ့ပြုကျင့်မှုများကို တွေ့ရှိရကြောင်း” ဦးစွာဖော်ပြခဲ့သည်။

“သို့ဖြစ်၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ယင်းတို့၏ လက်အောက်ခံဌာန ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အဓိကထားပြီး တည်ဆဲ ဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူဆောင်ရွက်ကြရန်ဖြစ်ကြောင်း” နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများ ထပ်မံတွေ့ရှိရမှု ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာ များနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြား လာသဖြင့် ရောဂါကူးစက်ပြန့်နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ကချင်ပြည်နယ်ရှိ ဖားကန့်နှင့် မိုးညှင်းမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း” ဖော်ပြခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက် သုံးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာချက်များအနက် အောက်တိုဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများ ထုတ်ပြန်ကြေညာချက်”တွင် “ ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ခြောက်ခုတို့မှာ မြို့နယ်တခုလုံး ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်းနှင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှ ကျေးရွာ အုပ်စုအချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ မြို့နယ်တခုလုံး ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေများမှာ ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်များ၊ ရှမ်းပြည်နယ်တွင် မိုင်းလား၊ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင်မြို့နယ်များ ဖြစ်ကြောင်း” UEC ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် “ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာကြောင်း” ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထား သော ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၄)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ)တို့ပါ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း တွေ့ရှိရသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် “ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) [ဖျက်သိမ်းပြီး] ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် စပ်လျဉ်း၍ အသိပေးကြေညာကြောင်း” ကိုလည်း UEC က အောက်တိုဘာ ၁၇ ရက်စွဲဖြင့်ပင် ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တခု အပါအဝင် ထုတ်ပြန်ချက် ကိုးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မတော်က “ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြင်ဦးလွင်မြို့နှင့် ပခုက္ကူမြို့တို့ရှိ ပြည်သူ့ဆေးရုံများအတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း၊ တပ်မတော်ဆေးရုံများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း” အောက်တိုဘာ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း(Fleet Exercise-2020) (လေ့ကျင့်ခန်း-ဗန္ဓုလ) လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း” အောက်တိုဘာ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် မြန်မာ့ ရေပိုင်နက်ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း (လေ့ကျင့်ခန်း-ဗန္ဓုလ)ကို ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ရေ) ဝတ်စုံအားဂုဏ်ပြုဝတ်ဆင်၍ လေ့ကျင့်ခန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်များ ထွက်ရှိခဲ့ပါသည်။

တပ်မတော်က အောက်တိုဘာ ၁၃ ရက်စွဲဖြင့် “ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းများမှ ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲ့က အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ ဖျက်ဆီးခဲ့‌ကြောင်း” သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၄ ရက် ညပိုင်းတွင် AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် စိုးမိုးကုန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုစိုးမိုးကုန်း အား အခိုင်အမာနေရာယူ၍ ကားလမ်းနှင့် ရေလမ်းကြောင်းတို့အား ထပ်မံဖြတ်တောက် ပိတ်ဆို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၃ ရက်တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါစိုးမိုးတောင်ကုန်းများမှ ဆုတ်ခွာထွက်ပြေးသွားသော AA တပ်ဖွဲ့ဝင်များသည် ကျောက်တန်းကျေးရွာနှင့် အောင်သာစည်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့‌ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်

အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်ခဲ့သည့် NCA ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် ပတ်သက်၍ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAOs)နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့က အောက်တိုဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

NCA-S EAOs ၏ ထုတ်ပြန်ချက်တွင် “NCA- S EAO အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်မှုဖြင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိူင်း အစည်းအဝေး (JICM) ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) နှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့် အစရှိသည့် ယန္တရားများမှတဆင့် NCA စာချုပ်ကို မမှိတ်မသုန် ဆက်လက်အကောင် အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ငါးနှစ်တာကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနိမ့်အမြင့် အတက်အကျများရှိခဲ့ပြီး ဆွေးနွေးဖက်များအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်လျက် တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများကို ကျော်လွှား ကာ ဆွေးနွေးညှိနှိူင်းခဲ့သည့်အတွက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) (၂) (၃) တို့ကို အဆင့်ဆင့် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ”NCA- S EAO အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အကောင်းဆုံးထိန်းချုပ်နိုင်ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ပါစေရန် ဆန္ဒပြုပါကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရခိုင်ပြည်နယ်၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများလျော့ပါးသွားစေရန် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ‎ဆွေးနွေးအဖြေရှာကြပါရန်လည်း နှစ်ဖက်စလုံးအား တိုက်တွန်းကြောင်း၊ NCA- S EAO အနေဖြင့် ဒီမိုကရေစီရေး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံ ချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” အဆိုပါထုတ်ပြန်မှုတွင် ပါရှိပါသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ထုတ်ပြန်ချက်တွင်လည်း “ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်တိုးတက်မှုမှာ အလွန်တရာနှေးကွေးပြီး စိန်ခေါ်မှုများစွာဖြင့် တွေ့ကြုံရသော်လည်း KNU အနေဖြင့် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့်အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှုအဆင့် (၃) ဆင့်နှင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် (၃) ရပ်အား ချမှတ်သဘောတူနိုင်ခဲ့ပြီ ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသားများနှင့် ကရင့်ပါတီများအား တခဲနက် မဲပေးခြင်းဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အား ကိုယ်တိုင် ပါဝင်ကာ တဆင့်ပြီး တဆင့် ရယူကြရန်နှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်တွင် ကော်ခို စောဘဦးကြီး၏ လမ်းညွှန်မှုနှင့် KNU ၏ (၁၆) ကြိမ်မြောက်ကွန်ကရက်၏ လမ်းညွှန်ချက်များအတိုင်း ရပ်တည်ချက်ခိုင်မာစွာဖြင့် ပါဝင်ကြရန် တိုက်တွန်းကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး” KNU အနေဖြင့် အပစ်အခတ်ရပ်စဲရေးခိုင်မာချက်နှင့် နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုများတွင် မည်သူကိုမှ ချန်လှပ်မထားဘဲ အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ် ဖြစ်ပေါ်ခြင်းဖြင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ကိုင် ကြရန် ငါးနှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့တွင် သက်ဆိုင်ရာ Stakeholders များအားလုံး တိုက်တွန်းကြောင်း” KNU၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာထားခြင်းခံထားရသည့် ULA/AA အဖွဲ့က အောက်တိုဘာ ၁၉ ရက်စွဲဖြင့် “တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် သုံးဦးအား ခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းထုတ်ပြန်ချက်”နှင့် အောက်တိုဘာ ၁၇ ရက်စွဲဖြင့် “တိုက်ပွဲအတွင်း ရခိုင်ဒေသရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်မှာ AA အဖွဲ့ကြောင့်ဟု တပ်မတော်၏ စွပ်စွဲချက်များမှာ မဟုတ်မှန်ကြောင်း ရှင်းလင်းထုတ်ပြန် ချက်” များကို ထုတ်ပြန်ခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

တောင်ကုတ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေသည့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို AA အဖွဲ့က ဖမ်းဆီးသွားခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ကြေညာချက် တခု ထုတ်ပြန်ခဲ့ပါသည်။

အချက် ငါးချက် ပါဝင်သည့် အဆိုပါကြေညာချက်တွင် “ယခုကဲ့သို့ လက်နက်ပြ ခြိမ်းခြောက်၍ ဖမ်းဆီးမှုမှာ တရားမျှတမှု မရှိသော အကြမ်းဖက်ဖမ်းဆီးမှု ဖြစ်၍ ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် “ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများ ထုတ်ပြန်ကြေညာချက်”နှင့် ပတ်သက်၍ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ပေါင်းစည်းတိုင်းရင်းသား ၅ ပါတီနှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)တို့က “ကန့်ကွက်ကြောင်းနှင့် UEC အနေဖြင့် ကြေညာချက်ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ထုတ်ပြန်ပေးရန် တိုက်တွန်းကြောင်း” သဘောထားထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာသံရုံးများ၏ ထုတ်ပြန်ချက်များ

“၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီဝင် ကိုယ်စားလှယ်လောင်း သုံးဦးအား ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ပြစ်တင်ရှုတ်ချပြီး ဘေးကင်းလုံခြုံစွာလွှတ်ပေးရန် တောင်းဆိုကြောင်း” ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ အောက်တို ဘာ ၁၅ ရက်စွဲဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ အောက်တိုဘာ ၁၆ရက်စွဲဖြင့် လည်းကောင်း ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

အခြားထုတ်ပြန်ချက်များ

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ပူးတွဲသဘောထားထုတ်ပြန်ချက် တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်သည် အာရကန်ပြည်သူတို့၏ နိုင်ငံသားရပိုင်ခွင့်ကိုသာမက အာရကန်ပြည်၏ ကံကြမ္မာကိုပါ စိန်ခေါ်လိုက်ခြင်းလည်းဖြစ်ကြောင်း၊ အာရကန်ပြည်နှင့် အာရကန်ပြည်သူတို့၏ ကံကြမ္မာကို အာရကန်ပြည်သူတို့ကသာ ဖန်တီးဆုံးဖြတ်ရမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရခိုင်ကျောင်းသားသမဂ္ဂများအနေဖြင့် အာရကန်ပြည်သူများအတွက် အာရကန်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးနှင့် မိမိကံကြမ္မာကို မိမိထုဆစ်သွားရန် မှတပါး အခြားမရှိတော့ဟု အတိအလင်း ကြေညာကြောင်း” ရခိုင်ပြည် ကျောင်းသား သမဂ္ဂ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် “ပလက်၀မြို့နယ်တွင် ကျေးရွာ ၂၅၀ နီးပါး စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း” ထုတ်ပြန်ချက်ကို ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က အောက်တိုဘာ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

KACC ၏ ထုတ်ပြန်ချက်အရ “ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄၆ ရွာမှ လူဦးရေ ၆၂၄၅၄ ဦးမှာ စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း၊ အစိုးရ၏ ထောက်ပံ့ကူညီမှုများမှာ တိုက်ပွဲရှောင်စခန်းမှ ပြည်သူများထံ ရောက်ရှိသော်လည်း တိုက်ပွဲရှောင် မဟုတ်သော စားနပ်ရိက္ခာ ပြတ်လပ်နေသည့် ကျေးရွာများအတွက်မူ လုံလောက်သည့်အကူအညီများ မရရှိသေးကြောင်း ” သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။