ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ နောက်ဆုံးပတ်)

Post By Pan Su Wai, On September 29, 2020

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ (စက်တင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၅ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီတို့က ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ကြသည်။ ထို့အပြင် တပ်မတော်ကလည်း ထုတ်ပြန်ချက် ၁၀ ခု ထွက်ရှိခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)နှင့် Progressive Voice တို့မှ တခုစီ အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ်ဖော်ပြပေးမည် ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ယခုရက်သတ္တပတ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ “ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ” တို့က ထုတ်ပြန်ချက် တခုစီ အသီးသီးထွက်ရှိခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ချက် တွင် “ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့အတွင်း ဓာတ်ခွဲ အတည်ပြုလူနာများ ထပ်မံ တွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုအတွင်း များပြားလာသဖြင့် ရောဂါကူးစက် ပြန့်နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး (၄)ခုအတွင်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အိမ်တွင် နေထိုင်ရေး (Stay at Home) လိုအပ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်နှင့် ဘီးလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေ၊ ချမ်းအေးသာဇံနှင့် အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ က၀၊ ပဲခူးနှင့် သနပ်ပင်မြို့နယ်၊ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဖျာပုံနှင့် မအူပင်မြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအားလုံး နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းနှင့် လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်မှုတွင် ပါရှိခဲ့သည်။

စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် “ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန်ပွားမှုအန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက် ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် မြန်မာအစိုးရ အနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများ အားလုံးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စများကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ပနိုင်ငံများရှိ အနီးဆုံးမြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် အကူအညီတောင်းခံရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာကြရမည် ဖြစ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိပါသည်။

“ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ”၏ စက်တင်ဘာ ၂၈ ရက်စွဲဖြင့် အသိပေးကြေညာချက်တွင် “ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သော‌ကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့စည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားကြောင်း” ဖော်ပြထားပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှု တိုးမြင့်လာသည့်အတွက် ယခုရက်သတ္တပတ်အတွင်း တပ်မတော်ကလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

စက်တင်ဘာ ၂၇ ရက်စွဲဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံခဲ့ကြောင်း” သတင်းထုတ်ပြန်ချက် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “စက်တင်ဘာ ၂၇ ရက် ည ၇ နာရီအထိ နေပြည်တော်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ ၃၅၆ ဦး နှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၁၄ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စား သောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ထို့အပြင်“တပ်မတော်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများ ကုသပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာ ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိကြောင်း” ဆက်လက်ဖော်ပြခဲ့သည်။

ယင်းနောက် “ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀၀ ဦးထားရှိရန် လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌လည်းကောင်း၊ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် မရမ်းကုန်းမြို့နယ်ရှိ နယ်မြေခံတပ်၌ ၄၂၀ ဦးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၂၅၀ ဦးတို့ကို ထားရှိရန် အသီးသီးပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း” အဆိုပါသတင်းထုတ်ပြန်မှုတွင် ပါရှိပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ ကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက်၊ အတည်ပြုလူနာများအား စတင်လက်ခံခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်နှင့် “ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသနိုင်ရေးနှင့် စောင့်ကြည့်သူများထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်များကိုလည်း စက်တင်ဘာ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်က စက်တင်ဘာနောက်ဆုံးပတ်အတွင်း “ပလက်ဝမြို့နယ်တွင် မသင်္ကာဖွယ် အရပ်သား နှစ်ဦးအား ထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း” စက်တင်ဘာ ၂၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ၂၅ ရက်တွင် လောင်းကဒူးကျေးရွာဘက်မှ ကုလားတန်မြစ်အား ဖြတ်ကူး၍ မောင်းနှင်လာသည့် စက်လှေတစီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းစက်လှေပေါ်တွင် ပလက်ဝမြို့၊ ရွာမ ရပ်ကွက်နေသူ နှစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “စစ်ဆေးမေးမြန်းချက်များအရ အဆိုပါနှစ်ဦးမှ တဦးသည် AA အဖွဲ့က ဖွင့်လှစ်သည့်သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်သဖြင့် လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း” ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်က စက်တင်ဘာ ၂၅ ရက်စွဲဖြင့် “၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်သည့် ပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် စစ်တွေမြို့သို့ ကူညီပို့ဆောင်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို နိုင်ငံအဝှမ်းဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့်ရွေးကောက်ပွဲနှင့် သက်ဆိုင်သောပစ္စည်းများကို စက်တင်ဘာ ၂၅ ရက်နေ့လယ်တွင် တပ်မတော်လေယာဉ် နှစ်စီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/ PNLA)က စက်တင်ဘာ ၂၇ ရက်စွဲဖြင့် “ PNLO ၏ ဒုတိယအကြိမ်ညီလာခံ သက်တမ်း ဒဿမအကြိမ် ဗဟိုအလုပ်မှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေး ထုတ်ပြန်ကြေညာချက်”တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်ပိုင်း(၃)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတို့ကို PNLO က အလေးအနက်ထောက်ခံ ကြိုဆိုကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “PNLO အဖွဲ့၏ အခြေပြုဒေသများနှင့် ဆက်စပ်ဒေသများတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဥပဒေ များနှင့် အညီ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း၊ ထိုသို့မဲဆွယ်စည်းရုံးရာတွင် လူတမျိုးနှင့် တမျိုးအကြား လူမျိုးရေး ပဋိပက္ခမဖြစ်စေရေး၊ ပအိုဝ်းအမျိုးသား အချင်းချင်းအကြား ပဋိပက္ခမဖြစ်စေရေးတို့ကိုလည်း အထူးဂရုပြုပေးရန် တိုက်တွန်းကြောင်း” ထုတ်ပြန်မှုတွင် ပါရှိပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။