ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ပထမပတ်)

Post By Nyein Ko Ko Soe, On June 5, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ပထမပတ်)

၂၀၂၀ ပြည့်နှစ် မေ ၂၉ ရက်မှ ဇွန် ၄ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခံထားရသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ အပစ်ရပ်ကမ်းလှမ်းမှုကို တပ်မတော်က ပယ်ချခဲ့ခြင်း၊ အစိုးရနှင့် တပ်မတော်၌ အပြောင်းအလဲများ ရှိလာမည် ဖြစ်၍ ၂၁ ရာစု ပင်လုံညီလာခံကို ရွေးကောက်ပွဲ မတိုင်မီ ကျင်းပနိုင်ရန် အရေးကြီးကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းတို့မှာ သတိပြုစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လုပ်ပါက သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေး ဆက်လုပ်သွားမည်ဖြစ်သကဲ့သို့ ဆွေးနွေးပွဲလမ်းကြောင်းကိုလည်း ဖွင့်ထားမည်ဟု အစိုးရက ပြောကြားခဲ့မှု၊ COVID-19 အရေး အစိုးရ၏ ကမ်းလှမ်းမှုအပေါ် မူတည်၍ ပူးပေါင်းဆောင်ရွက်ခြင်း ပြု၊ မပြုဆုံးဖြတ်မည်ဟု TNLA အဖွဲ့က ပြောကြားခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း သတိပြုစရာဖြစ်ခဲ့သော သတင်းမှာ VOA သတင်းဌာနက ဇွန် ၂ ရက်တွင် ဖော်ပြခဲ့သည့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခံထားရသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ အပစ်ရပ်ကမ်းလှမ်းမှု ကြေညာချက်ကို တပ်မတော်က ပယ်ချခဲ့သည်ဆိုသော သတင်းဖြစ်ပါသည်။

PSLF/TNLA အဖွဲ့၊ ULA/AA အဖွဲ့၊ MNTJP/MNDAA အဖွဲ့တို့၏ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အပစ်ရပ်ကြောင်းနှင့် တပ်မတော်နှင့် နှစ်ဦးနှစ်ဖက် အပစ်ရပ်ရန် ကမ်းလှမ်းခဲ့ သော ကြေညာချက်အပေါ် ယုံကြည်နိုင်စရာ မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

နောက်ထပ်သတိပြုစရာသတင်းမှာ AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လုပ်ပါက သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေး ဆက်လုပ်သွားမည်ဖြစ်သကဲ့သို့ ဆွေးနွေးပွဲလမ်းကြောင်းကိုလည်း ဖွင့်ထားမည်ဟု သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားခဲ့မှုကို 7 Day Daily သတင်းစာက မေ ၃၁ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

မေ ၃၀ ရက်က အွန်လိုင်းမှ ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက AA အဖွဲ့အပေါ် အစိုးရ၏ သဘောထားကို ပြောကြားခဲ့ခြင်းဖြစ်ပြီး AA ၏ လက်နက်ကိုင်လမ်းစဉ် အောင်မြင်မည်မဟုတ်ဘဲ ဒေသခံများနှင့် လူငယ်များသာ ဒုက္ခရောက်မည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ဟု အဆိုပါ 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ အစိုးရက တိတိကျကျ ကမ်းလှမ်းလာမှု မရှိသေးကြောင်းနှင့် အစိုးရ၏ကမ်းလှမ်းချက်အပေါ် မူတည်ပြီး အဖွဲ့၏ သဘောထားကို ဆုံး ဖြတ်မည်ဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားခဲ့ကြောင်း ဇွန် ၄ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

အစိုးရ၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီက TNLA အဖွဲ့ထံ စာနှစ်စောင် ပေးပို့ထားသော်လည်း ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှု မပါဝင်၍ မဆုံးဖြတ်ရသေးကြောင်း TNLA အဖွဲ့က 7 Day Daily သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ရွေးကောက်ပွဲအလွန်တွင် အစိုးရနှင့် တပ်မတော်၌ အပြောင်းအလဲများ ရှိလာမည်ဖြစ်၍ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို မဖြစ်မနေ ကျင်းပနိုင်ရန် အရေးကြီးကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားမှုကို ဖော်ပြခဲ့သော မေ ၃၁ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာသတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

မေ ၃၀ ရက်က အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး မှ ရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထား၍ မဲဆွယ် စည်းရုံးရေးကာလမရောက်မီ ဇူလိုင်လအတွင်း ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အဆိုပြုထားကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထား ပါသည်။

ဆက်လက်ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက COVID-19 ကပ်ရောဂါကာလအတွင်း ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးကို ရောဂါကာကွယ်ရေးသတ်မှတ် ချက်များနှင့်အညီ ကျင်းပနိုင်ရန် အစိုးရက စီစဉ်ထားကြောင်းနှင့် လွှတ်တော်အစည်းအဝေး ကျင်းပခဲ့မှုကို နမူနာယူကာ ကျင်းပသွားမည့် အစီအစဉ်များကိုလည်း ရှင်းပြခဲ့ကြောင်း 7 Day Daily သတင်းတွင် ဖော်ပြခဲ့ပါသည်။

ဇွန် ပထမပတ်အတွင်း COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ သတိပြုစရာဖြစ်ခဲ့သော သတင်းတပုဒ်မှာ Mizzima သတင်းဌာနက ဇွန် ၄ ရက်တွင် ဖော်ပြခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ထိန်းချုပ်နယ်မြေမှ COVID-19 ကာကွယ်ရေးဂိတ်တစ်ခုအား ဖျက်ဆီးရခြင်းမှာ သတ်မှတ်နယ်မြေအား ကျော်လွန်လာခြင်းကြောင့်ဖြစ်ကြောင်း တပ်မတော်ဘက်က တုံ့ပြန်လိုက်သော သတင်း ဖြစ်ပါ သည်။

ဇွန် ၂ ရက်က KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ် ခလိန်-ချောင်းဝလမ်းဆုံရှိ ဆောက်လုပ်ပြီးစ COVID-19 ကာကွယ်ရေးဂိတ်တစ်ခုကို တပ်မတော်ဘက်က ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းမှာ KNU အနေဖြင့် COVID-19 ကာကွယ်ရေးလုပ်ငန်းများအား အကြောင်းပြ၍ လမ်းမကြီးများပေါ် တက်လာခြင်း၊ မြို့ပေါ်သို့ တက်လာခြင်းများရှိခြင်းကြောင့်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Mizzima သတင်းဌာနသို့ ပြောကြားခဲ့ ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။