ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ နောက်ဆုံးပတ်)

Post By Pan Su Wai, On November 3, 2020

ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ (အောက်တိုဘာ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်တခု ထွက်ရှိခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ ထုတ်ပြန်ချက် ကိုးခု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခြောက်ခု၊ ICRCမှ နှစ်ခု၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်အမျိုးသား ပါတီ(ANP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက် အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ် ဖော်ပြပေးမည်ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အောက်တိုဘာ ၂၈ ရက်စွဲဖြင့် အသိပေးကြေညာချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သော‌ကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့စည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားကြောင်း” ဖော်ပြထားပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက် ခြောက်ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

နိုဝင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ အသိပေးကြေညာချက်တွင် “၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားမည့်ကာလအတွင်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ (Facebook နှင့် Twitter….. စသည်)၊ အွန်လိုင်းဝက်ဘ်ဆိုက်များနှင့် မီဒီယာများမှ မဲဆွယ်စည်းရုံးရာ ရောက်သည့်ပို့စ်များ၊ အကြောင်းအရာများ လွှင့်တင်ခြင်းမပြုရန် အသိပေးကြေညာကြောင်း” ဖော်ပြခဲ့ပါသည်။

အလားတူ နိုင်ငံရေးပါတီ ဝန်းရံသူများသို့ အသိပေးကြေညာချက်ကို UEC က အောက်တိုဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ “နိုင်ငံရေးပါတီ ဝန်းရံသူများအ‎နေဖြင့် မဲဆွယ်စည်းရုံး‎ရေးဆိုင်ရာ ညွှန်ကြားချက်များ အချိန်ကာလနေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန်ဖြစ်ပြီး မော်တော်ယာဉ်၊ ရေယာဉ် အနှေးယာဉ်စသည့် မည်သည့်ယာဉ်အမျိုးအစားဖြင့်ဖြစ်စေ လိုက်ပါဝန်းရံသည့်အခါ Social Distancing မူများနှင့်အညီ လူ ၅၀ ဦးထက်မပိုစေဘဲ လိုက်ပါခြင်းဖြင့် မလိုလားအပ်သည့် ဖြစ်စဉ်များ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ၏ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

UEC က အောက်တိုဘာ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းမှ ပယ်ဖျက်ခြင်း” ကြေညာချက်တွင် “ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်၊ လားရှိုးနှင့် ကွမ်လုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအချို့တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် “ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူနှင့် အမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့တွင်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ကြောင်း” ထုတ်ပြန်ချက်ကိုလည်း UEC က အောက်တိုဘာ ၂၇ ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်ခဲ့ပါသည်။

ယင်းနောက် UEC ၏ “ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာခြင်း” ထုတ်ပြန်ချက်တွင် “ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉၄)ခုတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသောကြောင့် ရွေးကောက်ပွဲများကျင်းပမည် မဟုတ်ကြောင်း” ဖော်ပြခဲ့ပါ သည်။

ယင်းနောက် UEC က “ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန်ကြေညာခြင်း” ကို အောက်တိုဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” တခုအပါအဝင် ထုတ်ပြန်ချက် ကိုးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်က အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်”တွင် “ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ပြုလုပ်နိုင်ရေးနှင့် ထာ၀ရ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှား မှုများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်က နိုဝင်ဘာ ၂ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ “ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလ ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်”တွင် “ပါတီစုံဒီမိုကရေစီစနစ်အား ကျင့်သုံးနိုင်ရေး တပ်မတော် အစိုးရက ဦးဆောင်၍ အကောင် အထည်ဖော်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများအား လွတ်လပ်၍ တရားမျှတစွာ၊ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်ရွေးကောက်ပွဲများတွင်ပင် မဖြစ်ပေါ်ခဲ့သည့် ချွတ်ယွင်းအားနည်းချက်များ ဖြစ်ပေါ်နေပြီး ရွေးကောက်ပွဲ၏ ပုံရိပ်ကို ကြီးမားစွာ ထိခိုက်စေနိုင်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော ကော်မရှင်တခု ဖြစ်သော်လည်း ကော်မရှင်အား နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက် ထုတ်ပြန် ဖွဲ့စည်းရသဖြင့် ကော်မရှင်အား အစိုးရအဖွဲ့က တာဝန်ယူရပြီး ကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲများ၌ လွတ်လပ်၍ တရားမျှတမှုရှိ၊ မရှိ အပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်ခြင်းထက် အစိုးရအပေါ် ဝေဖန်ခြင်းဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု မျှော်လင့်သော်လည်း နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲ ကော်မရှင် ၏ လုပ်ရပ်များမှာမူ ထိုကဲ့သို့ ဖြစ်စေရေးအတွက် သံသယဖြစ်ဖွယ်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာမှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသော မှားယွင်းမှု အားလုံးကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန် တာဝန်ရှိမည်ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

အလားတူ “ရွေးကောက်ပွဲနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ပတ်သက်သော သဘောထားကြေညာချက်” တွင်လည်း “ EAOs အချို့က အင်အား တည်ဆောက်၍ ငြိမ်းချမ်းရေးကို နှောင့်နှေးစေသည့် အပြုအမူများ လုပ်ဆောင်ခဲ့သော ကြောင့် ငြိမ်းချမ်းရေးအတွက် နှောင့်နှေးမှုအပြင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဒေသခံ ပြည်သူလူထု၏ အခွင့်အရေးတရပ် ဖြစ်သော လွတ်လပ်စွာဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်” ဟု ဖော်ပြခဲ့သည်။

ဆက်လက်ပြီး “ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နှောင့်ယှက်ဖိအားပေးမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှု နှောင့်နှေးစေသည့်အပြင် အချို့ဒေသများ၌ တိုင်းရင်းသားပြည်သူများ၏ မဲပေးခွင့်များလည်း ဆုံးရှုံးခဲ့ရကြောင်း၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများကို ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် ဒီမိုကရေစီအခွင့်ရေးများ ဆုံးရှုံးခဲ့ရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လွှမ်းမိုးထားသည့် အချို့သော မြို့နယ်နှင့် ကျေးရွာများတွင် အုပ်ချုပ်ရေး မှူးများ ခန့်အပ်နိုင်မှုမရှိခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ခန့်အပ်ဖွဲ့စည်းနိုင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အတွက် ခက်ခဲသောအခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း” လည်း ဖော်ပြထားပါသည်။

ယင်းနောက် “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုဘဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား NCA လမ်းကြောင်းနှင့်အညီ ဆောင်ရွက်သွားနိုင်ရေး တပ်မတော်က ဖိတ်ခေါ်တိုက်တွန်းအပ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ICRC ထောက်ပံ့ရေးရေယာဉ် ပစ်ခတ်ခံရမှု သတင်းမှာ မှန်ကန်မှုမရှိ၊ အဆိုပါစက်လှေမှာ AAအဖွဲ့ စီးနင်းလာသည့်စက်လှေသာဖြစ်ကြောင်း” အောက်တိုဘာ ၂၈ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း တပ်မတော် စစ်ရေယာဉ်သုံးစီးသည် အောက်တိုဘာ ၂၈ ရက်က မင်းကျွန်းအနီးတွင် အရှိန်ဖြင့် မောင်းနှင်လာသော စက်လှေပေါ်မှ AA အဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်လှေမီးစွဲလောင်၍ မေယုမြစ်အတွင်း မျောပါသွားခဲ့ကြောင်း” ပါရှိခဲ့သည်။

ယင်းနောက် “၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ICRC မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါစက်လှေသည် ICRC စက်လှေမဟုတ်ကြောင်းသိရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရှိပါကလည်း သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ များသို့ ကြိုတင်အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိသည့်အပြင် လုံခြုံရေးအဖွဲ့များကလည်း လိုအပ်သည်များ ကူညီပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါ ကြောင်းနှင့် ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ် ပစ်ခတ်ခံရသည်ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းမှားများနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သတင်းမှန်အား သိရှိနိုင်ရန် ထုတ်ပြန်ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ထို့အပြင် တပ်မတော်က “RFA သတင်းဌာန၏ ICRC ရိက္ခာတင်စက်လှေပစ်ခတ်ခံရမှု သတင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်”ကိုလည်း အောက်တိုဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်က အောက်တိုဘာ ၃၀ ရက်စွဲဖြင့် “AAအဖွဲ့က အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာအနီးတွင် အပြစ်မဲ့ ပြည်သူများ မောင်းနှင်လာသော မော်တော်ယာဉ် ၂ စီးအား မီးရှို့ဖျက်စီး၊ ယာဉ်ပေါ်ပါ ပြည်သူ ၄ ဦးအား အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်နှင့် “AAအဖွဲ့က မြောက်ဦးမြို့နယ်၊ အဝပြင်ရွာသားများအား ရိုက်နှက်၍ ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ ဈေးပစ္စည်းများအား လုယက်ယူဆောင်သွားကြောင်း” အောက်တိုဘာ ၂၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်များ အသီးသီးထွက်ရှိခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်

အောက်တိုဘာ နောက်ဆုံးပတ်ကာလအတွင်း “ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း (၃၂)ပြည့် ထုတ်ပြန်ကြေညာချက်” ကို နိုဝင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “မကဒတ(ABSDF)၏ လက်နက်ကိုင်တော်လှန်ရေးခရီးရှည် (၃၂)နှစ်တာအတွင်း အခိုင်အမာ ရပ်တည်ရှင်သန်ရေးအတွက် အဖက်ဖက်မှ ဖေးကူ ဝန်းရံခဲ့ကြသည့် လူမျိုးပေါင်းစုံ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၊ NCA စာချုပ်ကို အတူတကွ ပူးပေါင်းလက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်တော်လှန်ရေးတွင် လက်တွဲတိုက်ပွဲဝင်ရင်း မကဒတ ရဲဘော်များနှင့်အတူ ကျဆုံးခဲ့သည့် ညီနောင်မဟာမိတ်ရဲဘော် ရဲဘက်များ ကိုလည်း အလေးအနက် မှတ်တမ်း တင် ဂုဏ်ပြုကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

“အထူးသဖြင့် မကဒတ(ABSDF)၏ လက်နက်ကိုင်တော်လှန်ရေး (၃၂)နှစ်တာ ဖြတ်သန်းမှုအတွင်း တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အောက်၌ ကျရာတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ကြသည့် ခေါင်းဆောင်၊ ရဲဘော်၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ် ပေးဆပ်ခဲ့ကြသည့် ရဲဘော်များ၊ အသက် သွေး ချွေး ဘ၀များကို ပေးဆပ်ခဲ့ကြသည့် ရဲဘော်အပေါင်းတို့အား အလေးအမြတ် ဦးညွှတ်အလေးပြုကြောင်း” မကဒတ (ABSDF)၏ ထုတ်ပြန်ကြေညာချက်တွင်ပါရှိပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ရခိုင်ပြည်နယ်ရှိ ကိုးမြို့နယ် အပါအဝင် ရပ်ကွက်၊ ကျေးရွာ အုပ်စုအချို့တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း UEC၏ ကြေညာချက်နှင့် ပတ်သက်၍ “ရခိုင်ပြည်သူများသို့ ပန်ကြားလွှာ”ကို နိုဝင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်အမျိုးသားပါတီ(ANP )၏ အဆိုပါပန်ကြားလွှာတွင် “UEC ၏ ကြေညာချက်မှာ နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို ရိုက်ချိုးလိုက်ရုံ သာမက ရခိုင်လူမျိုးတို့၏ အမျိုးသားရေး စိတ်ဓာတ်နှင့် အင်အားတောင့်တင်း ခိုင်မာလျက်ရှိသော ရခိုင်အမျိုးသားပါတီအား ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းလိုက်ရာ ရောက်သည်ဟု မှတ်ယူကြောင်းနှင့် မည်သည့်အခက်အခဲ အ‌နှောက်အယှက်မျိုးမဆို ရင်ဆိုင် ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရခိုင်ပြည်သူများအနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပိတ်ဆို့ခံနေရသော အင်အားတောင့်တင်းသည့် အမျိုးသားပါတီ တရပ်အောင်ပွဲခံနိုင်ရေးအတွက် ရခိုင်အမျိုးသားပါတီအား မဖြစ်အနေ ဝိုင်းရံထောက်ခံမဲပေးခြင်းဖြင့် မပြီးဆုံးသေးသော အမျိုးသားရေးခရီးပန်းတိုင်သို့ အတူတကွချီတက်ကြရန် တိုက်တွန်းပန်ကြားကြောင်း” ရခိုင်အမျိုးသားပါတီ(ANP)၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၏ ထုတ်ပြန်ချက်များ

နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၂၀ရွေးကောက်ပွဲ လေ့လာရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် Mr. SASAKAWA Yohelက အောက်တိုဘာ ၂၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တခုထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင်“ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာရန်အတွက် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. SASAKAWA Yohel က မဲရုံကြည့်ရှု လေ့လာခြင်းနှင့် ဆန္ဒမဲပေးမှု အခြေအနေ၊ မဲရေတွက်မှုအခြေအနေများကို တစိတ်တပိုင်း ကြည့်ရှုလေ့လာသွားမည် ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နယ်မြေ လုံခြုံရေးစသည့် အခြေအနေများအရ အချို့သောဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာခဲ့သော်လည်း UEC နှင့် မြန်မာ အစိုးရ က မဲဆန္ဒနယ်အားလုံးတွင် ဆန္ဒမဲပေးနိုင်ရန် အထူးကြိုးပမ်း စီစဉ်ဆောင်ရွက်သွား လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးလုပ်ငန်းများ ပိုမိုတိုးတက် ဖြစ်ထွန်းလာစေရေးအတွက် အထောက်အပံ့ကောင်း ဖြစ်ပါစေဟု ဆုတောင်းမေတ္တာပို့သကြောင်း” ဖော်ပြခဲ့ပါသည်။

ICRC ၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ICRC က ကြေညာချက် နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။

အောက်တိုဘာ ၂၈ ရက်စွဲ ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပေါ် ICRC က လွန်စွာဝမ်းနည်းမိကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ စစ်တွေမှ ရသေ့တောင်သို့ ICRC ၏ အကူအညီများကို သယ်ယူပို့ဆောင်ပေးနေသည့် အငှား မော်တော်ယာဉ် တစင်းပါဝင်သည်ဟု အတည်ပြုကြောင်းနှင့် ထိုအငှား မော်တော်ယာဉ်ပေါ်တွင် ICRC ဝန်ထမ်း မပါဝင်သည့်အပြင် အနီးတဝိုက်တွင်လည်း ရှိမနေကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ICRC ၏ ထုတ်ပြန်ချက်တွင်လည်း “ရသေ့တောင်မြို့နယ်၊ပြိန်းတောကျေးရွာအနီး အောက်တိုဘာ ၂၈ရက် ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော ရေယာဉ်ဝန်ထမ်းသုံးဦးတို့အား အရေးပေါ်ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင်ပါဝင်သည့် အငှား‌ရေယာဉ်ပေါ်တွင် သယ်ဆောင်သွားသော အထောက်အပံ့များကို လက်ခံရရှိမည့် ရသေ့တောင်မြောက်ပိုင်းရှိ မိသားစု ၁၆၀၀ အား ပေးအပ်နိုင်မည့် ဘေးကင်းသည့်အခြေအနေ မကြာခင် ပြန်လည်ရရှိရန် မျှော်လင့်ကြောင်း” ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် အလုပ်သမားများကို အချိန်ပို(OT) ခေါ်ယူခြင်းနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာချက်” တခုကို နိုဝင်ဘာ ၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် “မဲပေးမည့်ရက်တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ အလုပ်ရှင်များ၊ စီမံခန့်ခွဲသူများအနေဖြင့် အချိန်ပို(OT) ခေါ်ယူရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရကြောင်း၊ ရွေးကောက်ပွဲနေ့တွင် အချိန်ပို(OT) ခေါ်ယူခြင်းသည် အလုပ်သမားများ၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး၊ နိုင်ငံသားတဦး၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးများကို ပျက်ပြားစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရပ်ကွက် သို့မဟုတ် ကျေးရွာအဆင့်၊ မြို့နယ်အဆင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အလုပ်သမားများအားလုံး ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရန်နှင့် အလုပ်သမားများ၏ နိုင်ငံသားတဦး၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ဟန့်တားနှောင့်ယှက်သူ မည်သည့် စီမံခန့်ခွဲသူ အလုပ်ရှင်ကိုမဆို နိုင်ငံ၏တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း” မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်ရှိ ကိုးမြို့နယ်အပါအဝင် ရပ်ကွက်၊ ကျေးရွာ အုပ်စုအချို့တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း UEC ၏ ကြေညာချက်နှင့် ပတ်သက်၍ ခူးမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)မှ အောက်တိုဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုများအပါအဝင် စစ်ရေးပဋိပက္ခများကြောင့် ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် အခက်အခဲများ ရှိ နိုင်သော်လည်း ယခုကြေညာချက်တွင်ပါဝင်သည့် ကျေးရွာအုပ်စု ၉၄ ခုအနက် အနည်းဆုံး ၁၂ ခုတွင် ရွေးကောက်ပွဲကို ကောင်းမွန်လုံခြုံစွာ ကျင်းပနိုင်ရန် လုံလောက်သော အခြေအနေများ ရှိကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “KACCအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ ခု၌ ရွေးကောက်ပွဲ ကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ကြေညာချက်အပေါ် အလွန်အံ့ဩ တုန်လှုပ်မိပြီး မဲဆန္ဒရှင်ပြည်သူများကိုယ်စား များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် လုံခြုံမှုအခြေအနေ ရှိကြောင်း ချင်းပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသည့် ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲကျင်းပခွင့် ပြုလုပ်ပေးနိုင်ပါရန် အလေးအနက် တောင်းဆိုကြောင်း” KACC ၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။