တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ပထမပတ်)

Post By Nyein Ko Ko Soe, On June 10, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်မှ ၉ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲ၍ အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဇွန် ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲ မရှိခဲ့ဘဲ မောင်တောမြို့နယ်တွင် ARSA အဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် PSLF/TNLA အဖွဲ့၊ KIO/KIA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသည်။ ထို့ပြင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ကော့ကရိတ်နှင့် မြဝတီမြို့တို့တွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုများ ရှိခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များက အပစ်ရပ်ကြောင်း အသီးသီး ကြေညာထားကြသော်လည်း ဇွန်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်နှင့် မန်တုံမြို့နယ်တို့ တွင် တပ်မတော်နှင့် KIO/KIA၊ PSLF/TNLA အဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း ဧရာဝတီသတင်းဌာနက ဇွန် ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တပ်မတော်နှင့် KIA အဖွဲ့အကြား ဇွန် ၇ ရက်က ကွတ်ခိုင်မြို့အနီးတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့သည်။ ထို့ပြင် ကွတ်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင်လည်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေး တင်းမာနေသည်ဟု TNLA ဘက်က ပြောဆိုခဲ့ပြီး တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက TNLA နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ငြင်းဆိုခဲ့သည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ဇွန် ၅ ရက်ထုတ် 7 Day Daily သတင်းစာတွင် သတင်းဖော်ပြမှုအရ ကွတ်ခိုင်ဒေသတွင် မေ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲသည် ဇွန် ၄ ရက်အထိ ဆက်ဖြစ်နေပြီး အရပ်သားတစ်ဦး မိုင်းထိသေဆုံးခဲ့ကြောင်း သိရပါသည်။

မေ ၂၉ ရက်က ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးတွင် တပ်မတော်ယာဉ်တန်းကို TNLA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး ဇွန် ၂ ရက်က ကွတ်ခိုင်မြို့နယ် ဟူဖြတ်ကျေးရွာအနီးရှိ ပလောင်တောင်တွင် မှိုရှာသွားသည့် အမျိုးသားတစ်ဦး မိုင်းထိ သေဆုံးခဲ့သည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ဇွန် ၅ ရက် နံနက်ပိုင်းကလည်း ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲတွင် ချုံးသစ်ရွာမှ ရွာသားတစ်ဦး လက်ဖက်သွားခူးစဉ် လမ်းတွင် မိုင်းထိ၍ သေဆုံးခဲ့ကြောင်း DVB သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ မိုင်းပေါက်ကွဲခဲ့သည့်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း တပ်မတော် ၊ RCSS/SSA အဖွဲ့၊ PSLF/TNLA အဖွဲ့များ လှုပ်ရှားသွားလာမှုရှိကြောင်း ဒေသခံများက ပြောကြားသည်ဟု DVB သတင်း တွင် ဖော်ပြမှုအရ သိရပါသည်။

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ နားဖယောင်းကျေးရွာအနီးတွင် ဇွန် ၃ ရက်နံနက်ပိုင်းက တပ်မတော်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NC) လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DVB သတင်းဌာနက ဇွန် ၃ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ တပ်မတော်က နယ်ခြားစောင့်တပ်နှင့် ပေါင်းပြီး မိုင်းတုံမြို့နယ်အတွင်း လှုပ်ရှားမှုဆောင်ရွက်စဉ် RCSS/SSA အဖွဲ့၏ ယာယီစခန်းတခုကို တွေ့ရှိ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပါသည်။

ဇွန် ၅ ရက် နံနက်ပိုင်းက ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့၍ ရွာသားတဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး နေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်း နိရဉ္ဇရာ သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဘဲ ကစ္စပနဒီမြစ်အတွင်း သွားနေသည့် တပ်မတော်စစ်ရေယာဉ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် ကျောက်တော်မြို့နယ် တောင်ဘက်ပိုင်း အပေါက်ဝကျေးရွာတွင်လည်း ဇွန် ၈ ရက် ညနေပိုင်းက တပ်မတော်စစ်ကြောင်းက ရွာထဲ ဝင်လာပြီး ပစ်ခတ်၍ ရွာသားနှစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာန၏ ဇွန် ၉ ရက်တွင် ဖော်ပြမှုအရ သိရပါသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပွားမှု မရှိသကဲ့သို့ တပ်မတော်အနေဖြင့် အကြောင်းမဲ့ ပစ်ခတ်စရာလည်း အကြောင်းမရှိဟု RFA သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဇွန် ၄ ရက် ညနေပိုင်းက လုံခြုံရေး တပ်ဖွဲ့များနှင့် ARSA အဖွဲ့ တို့ကြား တိုက်ပွဲဖြစ်ပွားရာ ယူနီဖောင်းဝတ် အလောင်း နှစ်လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းမိကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပြီး နယ်စပ်မှတ်တိုင်အမှတ် ဘီပီ – ၃၄ နှင့် ဘီပီ – ၃၅ အကြား မီးဒိုက်ကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှု ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇွန် ပထမပတ်အတွင်း ကရင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ဇွန် ၉ ရက်နှင့် ၈ ရက်တို့တွင် မြဝတီနှင့် ကော့ကရိတ်မြို့များ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ရဟန်းတပါးအပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း DVB သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

မြဝတီမြို့၊ ဘုရင့်နောင်လမ်းမပေါ်တွင် ဇွန် ၉ ရက် ညပိုင်းက ဗုံးပေါက်ကွဲ၍ မော်တော်ယာဉ်တစ်စီး ဗုံးစ ထိမှန်ပျက်စီးခဲ့ကာ ယာဉ်ပေါ်ပါ ရဟန်းတပါး ထိခိုက် ဒဏ်ရာ ရရှိခဲ့သကဲ့သို့ ဇွန် ၈ ရက် ညပိုင်းကလည်း ကော့ကရိတ်မြို့ ရဲစခန်းရှေ့နားတွင် မော်တော်ဆိုင်ကယ်စီးလာသူနှစ်ဦးက ဗုံးနှစ်လုံးပစ်ချခဲ့ရာ တလုံး ပေါက်ကွဲပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အဆိုပါ DVB သတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။