တိုက်ပွဲဖြစ်ပွားမှုများ(ဩဂုတ် ပထမပတ်)

Post By Nyein Ko Ko Soe, On August 5, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဩဂုတ် ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၄ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်များတွင် တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား ရှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဩဂုတ် ၄ ရက် ညနေပိုင်းက ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။

နမ့်ခမ်းမြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး) မြို့နယ်ခွဲ ဟတ်ဟင်ကျေးရွာအနီးတွင် တပ်မတော်နှင့် RCSS/SSA တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။ နမ့်ခမ်းမြို့နယ် အတွင်း RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ ဒေသဘက်သို့ တပ်မတော်မှ ဇူလိုင် ၃၀ ရက် က စတင်၍ စစ်အင်အား ဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း RCSS/SSA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောကြားခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နှစ်ဖက် တာဝန်ရှိသူများက အတည်ပြုခဲ့ခြင်းမရှိကြောင်း သိရပါသည်။

ထို့ပြင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ကွတ်ခိုင်မြို့နယ်တွင် လက်ပစ်ဗုံးပေါက်ကွဲသဖြင့် ၅ နှစ်အရွယ်ကလေးတဦး သေဆုံးပြီး ကလေးငယ် ငါးဦးဒဏ်ရာ ရခဲ့ကြောင်း 7 Day Daily သတင်းစာက ဇူလိုင် ၃၁ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

အဆိုပါဖြစ်စဉ်မှာ ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုတွင် ဇူလိုင် ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ပစ်ဗုံး ပေါက်ကွဲခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူက 7 Day သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့အကြား ရခိုင် ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲပြင်းထန်ခဲ့သကဲ့သို့ မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း များပြားခဲ့ပါသည်။

အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သည့် မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်များမှာ အမ်း၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရပါသည်။

ဇူလိုင် ၂၉ ရက်က အမ်းမြို့နယ် ကဇူးကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာမှ ရွာသားတဦးမှာ ရွာအနီးရှိ ၎င်း၏ ဥယျာဉ်ခြံသို့ သွားရောက်စဉ် မိုင်းပေါက်ကွဲ သေဆုံးခဲ့ပြီး နောက်ရက်တွင် အလောင်းသွားရောက် ရှာဖွေရာ မိုင်း ထပ်မံပေါက်ကွဲ၍ ရွာသားတဦး သေဆုံး၊ တဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Myanmar Now သတင်းဌာနက ဇူလိုင် ၃၁ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဩဂုတ် ၃ ရက်ကလည်း အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့၍ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း DVB သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။

ထို့ပြင် ရသေ့တောင်မြို့နယ် ကပ်ချောင်းကျေးရွာတွင် ဩဂုတ် ၁ ရက်က ရွာအနီး ချောင်းအတွင်း ကလေးငယ်များ ဆော့ကစားနေစဉ် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူ ဆော့ကစားစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း 7 Day Daily သတင်းစာက ဩဂုတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင်လည်း ကျောက်တော်မြို့နယ် ကျောက်တလုံးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား လေးဦး ထိခိုက်ခဲ့ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်ခြင်းကြောင့် စစ်တွေဆေးရုံ သို့ ပို့ဆောင်ခဲ့ရကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ ကျောက်တလုံးရွာအနီးတွင် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ကူပေး ပစ်ခတ်ရာမှ ရွာအတွင်း ကျရောက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားခဲ့ကြောင်း RFA သတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် ဇူလိုင် ၁၃ ရက်က ရသေ့တောင်မြို့နယ် တောင်ဘက် မေယုကမ်းဒေသ ချိန်ခါလီကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပစ်သတ်ခံလိုက်ရသော ရွာသား၏အလောင်းကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက အိမိသာကျင်းထဲမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။

ချိန်ခါလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ရွာလုံးကျွတ် ထွက်ပြေးခဲ့ချိန်တွင် အဆိုပါရွာသားမှာ ကျန်ရစ်နေခဲ့၍ တပ်မတော်က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ က စွပ်စွဲပြောကြားခဲ့သော်လည်း တပ်မတော်ကမူ တစုံတရာသတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားပါသည်။

ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများ ပိတ်ဆို့သွားခဲ့ကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ မြောက်ဦးမြို့နှင့် အုတ်ဖိုကန်ရွာအကြားတွင် တပ်မတော်စစ်ကြောင်းနှင့် AA အဖွဲ့အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ သတင်းတွင် ပါရှိခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က ရှင်းလင်းရေးဆောင်ရွက်နေ၍ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အကြား ကားများ သွားလာခွင့်မရဘဲ ပိတ်မိနေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ VOA သတင်းတွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အနီးတို့တွင် ဩဂုတ် ၂ ရက်နှင့် ၃ ရက်များက နှစ်ရက်ဆက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ ကျဆုံးခဲ့သည့်အပြင် လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးလည်း ကျဆုံးခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဩဂုတ် ၄ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

သြဂုတ် ၂ ရက်က ရသေ့တောင်မြို့နယ် အင်းဒင်-တောင်ပြိုလမ်းတွင် လုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှာ AA အဖွဲ့၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းခံရသကဲ့သို့ သြဂုတ် ၃ ရက်ကလည်း အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ဌာနဆိုင်ရာနှင့် တပ်မတော် လုံခြုံရေးစစ်ကြောင်း ထပ်မံ တိုက်ခိုက်ခံရပြီး အကျအဆုံးများ ရှိခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာ၀တီကို ပြောကြားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ် ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။