ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On November 29, 2019

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ( နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် ကရင်အမျိုးသားအစည်းအရုံ း(KNU)က ၎င်းတို့ အဆိုပြုထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး(PPCM) ဖွဲ့စည်းရန် အကြံပြုချက် ကို ပြန်လည်ရုပ်သိမ်းခဲ့မှုအပါအဝင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး( JICM) အမြန်ဆုံးကျင်းပနိုင်ရေး တပ်မတော်က ဆောင်ရွက်နေကြောင်း  ပြောကြားခဲ့ မှုတို့မှာ ထူးခြားသော ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

ထို့အပြင် ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူ  ထောင်ရေးကောင်စီ(RCSS/SSA) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့တို့ ထိုင်းနိုင်ငံတွင် သီးခြား တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံရန် စီစဉ်နေ မှုတို့ကို လည်း ယခုရက်သတ္တပတ်အတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်များအဖြစ်  တွေ့ရှိခဲ့ရ ပါသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၏ လုပ်ဆောင်မှုများ

ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်(PC)ဥက္ကဋ္ဌ  ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အစိုးရကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ပြိး  နိုဝင်ဘာ ၁၉ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါ သည်။

ထို့အပြင် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ခင်ဇော်ဦး ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU )ကိုယ်စားလှယ်အဖွဲ့နှင့် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ပြီး နှစ်ဘက်ရှေ့ ဆက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

NCA လက်မှတ်မထိုးရသေးသည့် ရခိုင်အဖွဲ့ (ULA/AA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PSLF/TNLA) ၊မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (MNTJP/MNDAA) နှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA )မြောက်ပိုင်းမဟာမိတ်လေးဖွဲ့သည် အစိုးရနှင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင်  ဆွေးနွေးရန် ညှိနှိုင်းနေကြောင်း သိရသည်။ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA )မှ လွဲ၍ ကျန်သုံးဖွဲ့အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်တွင်း၌ တွေ့ဆုံမည့် အပစ်ရပ်ရေးညှိနှိုင်းဆွေးနွေးပွဲမတိုင်မီ ယခုကဲ့သို့ တရုတ်နိုင်ငံတွင် အလွတ်သဘောဦးစွာ  တွေ့ဆုံဆွေးနွေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့သည် စက်တင်ဘာလ ၁၇ ရက်က ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် အောက်တိုဘာလအတွင်း ပြန်လည်တွေ့ဆုံရန် စီစဉ်ခဲ့သေ်ာလည်း လက်ရှိအချိန်ထိ မတွေ့ဆုံနိုင်သေးခြင်း ဖြစ်သည်။

NCA လက်မှတ် ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် နိုဝင်ဘာ ၂၂ ရက်က အစိုးရကိုယ်စား လှယ်အဖွဲ့သည် KNU ကရင်အမျိုးသား အစည်းအရုံး ကိုယ်စား လှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်  ရေးရလဒ်ကောင်းရရှိခဲ့ကြောင်း သိရှိရပါသည်။ KNU အနေဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ငြိမ်းချမ်းရေး ဆိုင်ရာ တရားဝင် အစည်းအဝေးများ၌ ပါဝင်မှု ယာယီရပ်ဆိုင်း  ကြောင်း ကြေညာခဲ့ပြီး တရားဝင်ဆွေးနွေး ပွဲများ ရပ်ဆိုင်းနေသည်မှာ တစ်နှစ်ခန့်ကြာပြီ ဖြစ်သောကြောင့် ယခုလို ရလဒ်ကောင်းရရှိခဲ့မှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် အရေးပါမှု ဖြစ်ခဲ့ပါသည်။

ဆက်လက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ၎င်းတို့ အဆိုပြုထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM)  စုဖွဲ့မှုဖြစ်ပေါ်လာရေးကို  ဆောင်ရွက်တော့မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ကိုသာ ပြန်လည်ကောင်းမွန်အောင် စုဖွဲ့ရန် ကြိုးစားတော့ မည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

တပ်မတော်၏ ဆောင်ရွက်မှု

နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ပူးတွဲအကောင်အထည်  ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး( JICM) အစည်းအဝေးများ အမြန်ဆုံးကျင်းပနိုင်ရေး တပ်မတော်က  ဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းပါက ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ အမြန်ကျင်းပနိုင်မည်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်အနေဖြင့် စိတ်ရှည်သည်းခံစောင့်ဆိုင်းနေကြောင်း စသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့က ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ စတုတ္ထပတ်အတွင်း သက်ဆိုင်ရာ အင်အားစု အသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။