ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ ပထမပတ်)

Post By Pan Su Wai, On November 10, 2020

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အထိ (နိုဝင်ဘာ ပထမပတ်) ကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ကျောင်းသားသမဂ္ဂတို့မှ စုစုပေါင်း ၄၁ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၈ ခု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၁၀ခု၊ ပါတီများမှ ခုနစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ် ဖော်ပြပေးမည်ဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

နိုဝင်ဘာပထမပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက် ၁၀ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ “ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးနိုင်ရေး မဲဆန္ဒရှင် ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “Stay at Home အဖြစ် သတ်မှတ်ထားသော မြို့နယ်များအပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး ကြိုတင်ဆန္ဒမဲမပေးရသေးသော မဲဆန္ဒရှင်များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတဦးအား ပေးအပ်ထားသည့် ရွေးကောက်တင်မြှောက်ခွင့် မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်ကြောင်း” ဖော်ပြခဲ့ပါသည်။

UEC ၏ နိုဝင်ဘာ ၆ ရက်စွဲဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်တွင် “၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် UEC စာလုံးသုံးလုံး မပါဝင်သောအမှန်ခြစ် တံဆိပ်တုံးအတုများ ပေါ်ထွက်နေသောကြောင့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးတွင် UEC စာလုံး မပါရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာမဲရုံမှူး၊ ဒုတိယမဲရုံမှူး သို့မဟုတ် မဲရုံအဖွဲ့ဝင်များသို့ ချက်ချင်း သတင်းပို့ အကြောင်းကြား လဲလှယ်ဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် UEC က “မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်”ကို နိုဝင်ဘာ ၇ ရက်စွဲ ဖြင့် ထပ်မံထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “ဆန္ဒမဲစာရင်းပုံစံများနှင့် ချိပ်ပိတ်ထားသော အိတ်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရာတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေအရ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများတွင် သတ်မှတ်ပြဌာန်းထားသော သက်ဆိုင်ရာတာဝန်ရှိသူများသာ လိုက်ပါဆောင်ရွက်ကြရန် ဖြစ်ပြီး မသက်ဆိုင်သူများအနေဖြင့် လိုက်ပါခြင်းမပြုကြပါရန် အသိပေးကြေညာကြောင်း ” ဖော်ပြခဲ့ပါသည်။

ယင်းနောက် UEC က နိုဝင်ဘာ ၃ ရက်၊ ၄ ရက်၊ ၈ ရက်နှင့် ၉ ရက်စွဲများဖြင့် “လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်း အသိပေးကြေညာခြင်း” ထုတ်ပြန်ချက်များကိုလည်း ထွက်ရှိခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” တခုအပါအဝင် ထုတ်ပြန်ချက် ၁၈ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ နို၀င်ဘာ ၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်”  တွင် “ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာတခုအထိ ထိန်းချုပ်ထားနိုင်ခြင်း၊ နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာလည်း မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံးဆက်လက်ဆွေးနွေးရန် လိုအပ်လျက် ရှိကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်၍ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူ းအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်တို့အား အသီးသီး တာဝန်ပေးဖွဲ့စည်းခဲ့ကြောင်း ” ဖော်ပြထားပါသည်။

ဆက်လက်ပြီး “တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီသည် NCA လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက် ဆွေးနွေးခြင်း၊ NCA လက်မှတ်မထိုးရသေးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား NCAလက်မှတ် ရေးထိုးနိုင်သည်အထိ လိုအပ်သည်များဆွေးနွေးသွားရန် ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်က နို၀င်ဘာ ၈ ရက်စွဲဖြင့် “၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ပါဝင်ဆန္ဒမဲပေး” သတင်းထုတ်ပြန်ချက်၊ နိုဝင်ဘာ ၆ ရက်စွဲဖြင့် “၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ခေါင်လန်ဖူး ဒေသသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်” သတင်းထုတ်ပြန်ချက်နှင့် နို၀င်ဘာ ၃ ရက်စွဲဖြင့် “ချင်းပြည်နယ်ရှိ ပလက်၀မြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တော ဒေသများသို့ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို တပ်မတော်မှ ရဟတ်ယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်များကို အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်က သတင်းထုတ်ပြန်ချက်များ ထွက်ရှိခဲ့ပါသည်။

တပ်မတော်က “ရမ်းဗြဲမြို့နယ် တန်းဇင်းမြစ်အတွင်း တပ်မတော်စစ်ရေယာဉ်အား ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့စဉ် ပါဝင်ခဲ့သည့်AAအဖွဲ့ဝင်များအား ဖမ်းဆီးရမိကြောင်း” နိုဝင်ဘာ ၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင်“ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တန်းဇင်းမြစ်အတွင်း တပ်မတော်စစ်ရေယာဉ်များအား နိုဝင်ဘာ ၂ ရက်တွင် AAအဖွဲ့က ကုလားဘုန်းကျေးရွာ၏ အနောက်မြောက်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AAအဖွဲ့က စက်လှေတစီးဖြင့် ပေါက်ပြင် ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါ AA တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသော ကျေးရွာဝန်းကျင်တဝိုက်တွင် စစ်ရေယာဉ်အား နှောင့်ယှက်ပစ်ခတ်မှုတွင်ပါဝင်သော AA အဖွဲ့ဝင်ရှစ်ဦးအား နိုဝင်ဘာ ၃ ရက်၊ ၄ ရက်နှင့် ၈ ရက်တို့တွင် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူများအား ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ယင်းနောက် တပ်မတော်က နိုဝင်ဘာ ၇ရက်စွဲဖြင့် “ဒေသခံပြည်သူတစ်ဦး AA အဖွဲ့ ထောင်ထားသည့် နင်းမိုင်းတလုံးအား နင်းမိပေါက်ကွဲ ပြီး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်နှင့် “AA အဖွဲ့ဝင်များနှင့် ပတ်သက်၍ လိုအပ်သော စုံစမ်းစစ်ဆေး မှုများ ဆောင်ရွက်ပြီးနောက် ဒေသခံအမျိုးသား လေးဦးအား ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း” ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သကဲ့သို့ နိုဝင်ဘာ ၈ ရက်စွဲဖြင့် “ပုဏ္ဏားကျွန်း မြို့နယ်တွင် AA အဖွဲ့ဝင်တဦးအား ဖမ်းဆီးရမိကြောင်း” ထုတ်ပြန်ချက်၊ နိုဝင်ဘာ ၄ရက်စွဲဖြင့် “တပ်မတော်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရန် ဆောင်ရွက်လျက်ရှိသော AA အဖွဲ့ဝင် သုံးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ကြောင်း” ထုတ်ပြန်ချက်တို့ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)တို့က နိုဝင်ဘာပထမပတ်အတွင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

နိုဝင်ဘာ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် RCSS/ SSA ၏ ထုတ်ပြန်ချက်တွင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ EAOs အဖွဲ့များနှင့် ပတ်သက်သော သဘောထားကြေညာချက်” ပါ ဖော်ပြချက်များသည် တစ်ဖက်သတ် အကြောင်းမဲ့စွပ်စွဲချက်များသာဖြစ်ပြီး လက်တွေ့ဖြစ်စဉ် အမှန်တရားနှင့် ပြောင်းပြန် ဖြစ်နေကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “နယ်မြေစိုးမိုးရေး နယ်မြေရှင်းလင်းရေး ဦးတည်၍ တပ်မတော်က လိုက်လံရှာဖွေပြီး စတင်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် RCSS တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲငယ်များ ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် မည်သို့ပင် အခက်အခဲဖြစ်စေကာမူ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ ဖြစ်စေရေးအတွက် RCSS အနေဖြင့် တတ်အားသရွေ့ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” RCSS/SSA က ထုတ်ပြန်ထားပါသည်။

PNLO/ PNLA ၏ နိုဝင်ဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ ကြုံတွေ့နေရသော အထွေထွေအကြပ်အတည်းများမှ လွတ်မြောက်နိုင်ရေးအတွက်လည်းကောင်း၊ ပြည်ထောင်စု၏ ဘုံရည်မှန်းချက် ဖြစ်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်လည်းကောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသားညီညွတ်ရေးသည် မရှိမဖြစ် အထူးအရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ အမျိုးသား ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရယူနိုင်မှသာလျှင် အားလုံးအတွက် အောင်ပွဲရမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

“သို့ဖြစ်၍ အားလုံးအတွက် အောင်ပွဲရရှိနိုင်ရန် ၂၀၂၀ ရွေး ကောက်ပွဲအလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ပေါက်ရေးကြိုးပမ်းမှုများကို လှိုက်လှဲစွာ ကြိုဆိုထောက်ခံပါကြောင်း” PNLO/PNLA ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

KNU ၏ နိုဝင်ဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ကြေညာချက်တွင်လည်း “အစိုးရအသစ်အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မည့် မူဝါဒများကို အခြေခံလျှက် ငြိမ်းချမ်းရေးဆန္ဒ၊ နိုင်ငံရေးစိတ်ဆန္ဒ ဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးအတွက် ပါဝင်သင့်သူများပါဝင်သော ချန်လှပ်ထားခြင်းမရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရန်” တိုက်တွန်းခဲ့ပါသည်။

ယင်းနောက် “KNU သည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမှ တက်လာမည် ဖြစ်သော မည်သည့် အစိုးရနှင့်မဆို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုရရှိရေးအတွက် အဖိနှိပ်ခံ ဘဝတူတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံပြုပြင်ပြောင်းလဲ ရေးတွင် ပါဝင်ကြသည့်အဖွဲ့အစည်းများ ပြည်သူလူထုများနှင့်အတူ ပူးပေါင်းပါဝင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” KNU က ထုတ်ပြန်ခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း နိုင်ငံရေးပါတီများမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက် ခုနစ်ခုထိ ထွက်ရှိခဲ့ပါသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ နိုဝင်ဘာ ၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “ ဒီမိုကရေစီ အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်အား အကြောင်းကိစ္စအမျိုးမျိုးကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မဲဆန္ဒရှင်ပြည်သူများအား စာနာထောက်ထားပါကြောင်းနှင့် အဆိုပါအခွင့်အရေး ပြန်လည်ရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ဆန္ဒမဲပေးထောက်ခံခဲ့ကြသည့် ပြည်တွင်းပြည်ပမှ မိဘပြည်သူများနှင့် အဖက်ဖက်မှ ဝန်းရံကူညီခဲ့သူများ လိုလားမျှော်မှန်းသည့် မိဘပြည်သူများ၏ အကျိုးစီးပွားပိုမိုတိုးမြှင့်ရရှိရေး အခက်အခဲပြဿနာများ ကူညီဖြေရှင်းပေးနိုင်ရေးနှင့် လိုအပ်ချက်များ ကူညီဖြည့်ဆည်းနိုင်ရးအတွက် SNLD၏ လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” SNLD ၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကလည်း ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် မေတ္တာရပ်ခံချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါမေတ္တာရပ်ခံချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲကိစ္စရပ်များကို နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ) ဖွင့်လှစ်လျှက် ကြီးကြပ်ဆောင်ရွက်နေကြောင်း၊ လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါကြောင့် “LED Board” များထောင်၍ ကြေညာချက် ထုတ်ပြန်မှုများ ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်များကို Online မှတဆင့် ကြေညာမည် ဖြစ်သဖြင့် ထိုကြေညာချက်များကို မိမိတို့နေအိမ်များမှနေ၍ စောင့်စားကြည့်ရှုကြပါရန် မေတ္တာရပ်ခံကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) တို့မှ နိုဝင်ဘာ ၉ ရက်စွဲဖြင့် “၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ချီးကျူးဂုဏ်ပြုလွှာ၊ ဂုဏ်ပြုစကား၊ ကျေးဇူးတင်လွှာများ” ထုတ်ပြန်ခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ နိုဝင်ဘာ ၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ဒီမိုကရေစီလမ်းကြောင်းပေါ်၌ အရေးပါသော နောက်ထပ်သမိုင်းမှတ်တိုင်ဆီသို့ ဆက်လက်လျှောက်လှမ်းနေသည့် မြန်မာပြည်သူတို့အား ချီးကျူးဂုဏ်ပြုကြောင်းနှင့် ပို၍ ဒီမိုကရေစီနည်းလမ်း ကျသော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော အနာဂတ်ဆီသို့ ဆက်လက်လျှောက်လှမ်းနေကြသည်နှင့်အညီ အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့်အတူ ဆက်လက်၍ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်လက်တွဲမှု တို့ကို ဖော်ဆောင်သွားရန် မျှော်လင့်လျက်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်

နိုဝင်ဘာ ၂ ရက်စွဲဖြင့်ထုတ်ပြန်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သဘောထားကြေညာချက်အပေါ် တုန့်ပြန်သဘောထားထုတ်ပြန်ကြေညာချက်တခုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ABFSU)က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အချက် ငါးချက် ပါဝင်ခဲ့ပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ သဘောထားကြေညာချက်ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် ကန့်ကွက် ရှုတ်ချကြောင်းနှင့် နိုင်ငံရေးအင်အားစုများနဲ့ ပြည်သူလူထုတရပ်လုံးအနေဖြင့် အခြေအနေ အရပ်ရပ်ကို သတိကြီးစွာထားပြီး နိုးနိုးကြားကြားရှိကြရန် တိုက်တွန်းကြောင်း ” ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။