ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် နောက်ဆုံးပတ်)

Post By Pan Su Wai, On September 1, 2020

ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထွက်ရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တခုနှင့် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပါတီများက နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း ဩဂုတ် ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ”ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်”နှင့် ဩဂုတ် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “Covid- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်”တို့မှာ အများပြည်သူအကြား လှုပ်ခတ်မှုဖြစ်ခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “ ရခိုင် ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ အချိန်တို ကာလအတွင်း တိုးတက် များပြားလာသဖြင့် ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး မှ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး( Stay at Home) လိုအပ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

“သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် နေထိုင်သည့် ပြည်သူများအား နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း နှင့် လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သော‌ကြောင့် ပြည်ထောင်စု အဆင့်အဖွဲ့စည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၃၁ ရက်ထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ရက်အထိ တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားကြောင်း” ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ပြည်တွင်းလေကြောင်း ခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ခရီးသွားလာခဲ့သည့် ခရီးသည်များစာရင်း”အား ဩဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်မှုတွင် “နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကိုဗစ် ၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုများ အနေဖြင့်လည်း ရောဂါကူးစက် ပြန့်ပွားမှုများရှိသော မြို့နယ်များမှ ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း တို့ဖြင့် ခရီးသွားလာသူများရှိခဲ့ပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ခြင်း သတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “သတင်းပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပြီး ဖြစ်ကြောင်း ၊ ၎င်းတို့၏ မိသားစုများနှင့် ပတ်ဝန်းကျင်များမှလည်း ရောဂါကူးစက်မှု ကာကွယ်နိုင်ရန် ခရီးသွားရာဇဝင်ရှိသူများအား စောင့်ကြည့်၍ သက်ဆိုင်ရာသို့ ဝိုင်းဝန်းသတင်းပေးရန် လိုအပ်ကြောင်း” တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့အပြင် “ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်ရှိ တားမြစ်နယ်မြေအတွင်း လုံခြုံရေးစစ်သည်နှင့် လူငယ်တဦး လုံခြုံရေးကိစ္စ အချင်းချင်းနားလည်မှု လွဲမှားပြီး အချင်းများမှုဖြစ်ပွားခဲ့ကြောင်း” တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ဩဂုတ် ၃၁ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့မှုမှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “ လုံခြုံရေးစစ်သည်များသည် အရပ်သားတဦးအား တားမြစ်နယ်မြေအတွင်း တွေ့ရှိသဖြင့် တားမြစ်နယ်မြေဖြစ်၍ လာရောက်ခြင်းမပြုရန် ပြောဆိုရာမှ နားလည်မှုလွဲကာ အပြန်အလှန် စကားများ၊ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်ရင်းမှတာဝန်ရှိသူများက သိရှိခဲ့ပြီး အရပ်သားနှင့် မိဘများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံ၍ တောင်းပန်စကားပြောကြားပြီး ဆေးဝါးကုသနိုင်ရန် ငွေကြေးထောက်ပံ့ပေးခဲ့ပြီး ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သော စစ်သည်ကိုလည်း စစ်စည်းကမ်းအရ အရေးယူသွားမည် ဖြစ်ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍ တပ်မတော်မှ ဩဂုတ်နောက်ဆုံးပတ်အတွင်း သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များအနက် “ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကျောက် တော်မြို့နယ်အတွင်း မသင်္ကာဖွယ် အမျိုးသားတဦးအား လက်ကိုင်စကား ပြောစက်တလုံးနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း”ဩဂုတ် ၁၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “ကျောက်တော်-ဝါးကင်း ကျေးရွာသွား လမ်းကြောင်းပေါ်၌ မသင်္ကာဖွယ်ရာ အပြန်အလှန်မီးအချက်ပြမှု ပြုလုပ်နေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးနိုင်ရေးခေါ်ယူရာ အဆိုပါ မသင်္ကာဖွယ် မီးအချက်ပြသူနှစ်ဦးမှာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေး သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ခြောက်လှန့်ပစ်ခတ်ခဲ့ခြင်းကြောင့် တဦးကို အသေဖမ်းဆီးရမိကာ ကျန်တဦးမှာ လွတ်မြောက်သွားပြီး သေဆုံးသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါ အခင်းဖြစ်ပွားရာဧရိယာသည် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အား ထုတ်ပြန်ထားခဲ့ပြီး ဩဂုတ် ၂ ရက်တွင် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် အမှတ်(၄/၂၀၂၀)ဖြင့် ထပ်မံ၍ ၂ လပြည့်မြောက် သည်အထိ သက်တမ်းတိုးထားသည့်နယ်မြေဖြစ်ကြောင်း “ တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဩဂုတ်လ ၂၆ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “‌NLD ပါတီ၏ အဖွဲ့ဝင်အချို့သည် လာမည့်အထွေထွေရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ်လည်းကောင်း၊ အခြားပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ရန် ဆောင်ရွက်လျှောက်ထားသည့် အဖွဲ့ချုပ် အဖွဲ့ဝင်များကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၆ ရက်တွင် ကျင်းပခဲ့သော ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးထုတ်ပြန်ချက်အရ ပါတီ၏ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ကယန်းဒေသ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီး တုံ့ပြန်ရေးကော်မတီက ဩဂုတ် ၃၁ ရက်စွဲဖြင့် “ကိုဗစ်- ၁၉ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ဒုတိယလှိုင်းပြန့်ပွားမှုနှင့် ပတ်သက်၍ ပြည်သူလူထုများသို့ အသိပေးခြင်း “ကြေညာချက်တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်- ၁၉ မျိုးရိုးဗီဇအသစ်ဖြင့် ပြန်လည် ကူးစက်နှုန်းသည် ယခင်ကထက် ပိုမိုမြန်ဆန်ပြီး ထိန်းချုပ်ရန် ခက်ခဲသော ကြောင့် မိဘပြည်သူလူထုများ ဂရုတစိုက်နေထိုင်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ ကယန်းဒေသအတွင်းသို့ ရောဂါကာကွယ်၊ တားဆီး၊ တုံ့ပြန်နိုင်ရန် ကျန်းမာရေးစစ်ဆေးရေးဂိတ် ငါးဂိတ်ထားရှိမည်ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့် အသာတကြည်စစ်ဆေးမှုခံယူရန် တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီညွှန်ကြားချက်ဖြင့် ဖွင့်လှစ်သော ကျန်းမာရေးစစ်ဆေးဂိတ်များကို မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရန်နှင့် လိုအပ်ပါက ကူညီပံ့ပိုးပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း” ကယန်းဒေသ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီး တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာသံရုံးများ၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ်လ ၂၈ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “ရွှေကုက္ကိုမြို့သစ် စီမံကိန်းအရေးကိစ္စကို မြန်မာနိုင်ငံက တရားဥပဒေ သတ်မှတ်ချက်နှင့်အညီ ဖြေရှင်းမှုအား တရုတ်နိုင်ငံက ထောက်ခံကြောင်း” ထုတ်ပြန်ချက်မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

အချက်သုံးချက်ပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်မှုတွင် “မီဒီယာအချို့က ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုမြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ ဖော်ပြရာတွင် ယင်းစီမံကိန်းသည် လောင်းကစားပြဿနာနှင့် ပတ်သက်ပြီး ဒေသခံလူမှုအဖွဲ့အစည်းကို မကောင်းကျိုးများ သက်ရောက် နိုင်သည်ဟု ဖော်ပြကြကြောင်း၊ ယင်းစီမံကိန်းကို တရုတ်နိုင်ငံက အဆိုပြုထားသည့် Belt and Road စီမံကိန်းအောက်မှ အဆိုပြုချက်ဖြစ်သည်ဟု ဆိုထားခြင်းကြောင့် လူအများက အာရုံစိုက်နေကြကြောင်း ” ဖော်ပြခဲ့ပါသည်။

သို့ရာတွင် “ရွှေကုက္ကိုမြို့သစ် စီမံကိန်းသည် တရုတ်နိုင်ငံက ဆောင်ရွက်သည့် စီမံကိန်းမဟုတ်ဘဲ တတိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ‘Belt and Road’ အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ကြောင်း” အဆိုပါထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး “တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနှစ်ရပ်အနေဖြင့် အဆိုပါအရေးကိစ္စကို အလေးထားပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေး ဖြေရှင်းရန် နှစ်နိုင်ငံ အစိုးရများကြား သဘောတူညီမှုရရှိထားပြီး ဖြစ်ကြောင်း၊ တရားမဝင် လောင်းကစားပြုလုပ်မှု၊ တယ်လီဖုန်းဖြင့် လိမ်ညာခြင်း စသည့် နိုင်ငံဖြတ်ကျော် တရားဥပဒေချိုးဖောက်သည့် ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေးကို တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း” ဖော်ပြထားပါသည်။

ယင်းနောက် “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ သီးသန့်အဖွဲ့အစည်း ထူထောင်၍ ‘ရွှေကုက္ကိုမြို့သစ်’ စီမံကိန်းကို တရားဥပဒေနှင့် အညီ စုံစမ်းစစ် ဆေးဖြေရှင်းခြင်းကို ထောက်ခံအားပေးကြောင်း” မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)အဖွဲ့က ဩဂုတ်လ ၂၈ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်ပြီးစီးခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်”မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်ပြီးမြောက်စွာ အတူတကွ ကျင်းပနိုင်သကဲ့သို့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)အား ညီလာခံတွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ခြင်း အတွက် RCSS မှ များစွာ ဝမ်းမြောက်မိကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “နေပြည်တော်တွင်ရောက်ရှိနေစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စ၊ ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံတကာသံတမန်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးပြီး အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် ”ယခုပြည်တွင်း ခရီးစဉ်သည် ယုံကြည်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ဖက်ဒရယ်တည်ဆောက်ရေးကို ကြီးစွာအထောက်အပံ့ ဖြစ်စေခဲ့ကြောင်း” RCSS/ SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာထားခြင်း ခံထားရသည့် ULA/AA အဖွဲ့ကလည်း ဩဂုတ် ၂၇ရက်စွဲဖြင့် ထုတ်ပြန် ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ်နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။