တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ပထမပတ်)

Post By Nyein Ko Ko Soe, On February 4, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ (ဖေဖော်ဝါရီပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းငေါ့မြို့နယ်ခွဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဖေဖော်ဝါရီ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။

 

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၊ မန်ကန်ကျေးရွာအနီး တောထဲသို့ ထင်းခုတ်သွားသည့် အရပ်သားနှစ်ဦး မိုင်းနင်းမိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

ယင်းဖြစ်စဉ်ကြောင့် မိုင်းနင်းမိခဲ့သူ နှစ်ဦးအနက် တဦးမှာ သွေးထွက်လွန်၍ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အခြားတဦးမှာ ကျောက်မဲမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရပါသည်။

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲအတွင်း တပ်မတော်နှင့်  TNLA အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အရပ်သားများ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေပါသည်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇန်နဝါရီလကုန်ပိုင်းမှစ၍ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေပြီး မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါ သည်။

ဖေဖော်ဝါရီ ၂ ရက် တရက်တည်း၌ ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ထိမှန်မှုတို့ကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အရပ်သား ထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်များမှာ ရသေ့တောင်မြို့နယ် ငစင်ဘော်ရွာတွင် အရပ်သားတဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ပြိန်းတောကျေးရွာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် သားအမိသုံးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ပါသည်။ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာတွင်လည်း လက်ကျန်မိုင်းတလုံးပေါက်ကွဲခဲ့၍  အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းကလည်း ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပိုက်သည်ရပ်ကွက်ရှိ နေအိမ်တလုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့အကြား အပြန်အလှန်စွပ်စွဲ ဝေဖန်ခဲ့ကြပါသည်။

ရသေ့တောင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁ ရက်မှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများရက်ဆက်ပြင်းထန်ခဲ့ခြင်းကြောင့် ဒေသခံရာနှင့်ချီ၍ နေရပ် စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရပါသည်။ ယင်းတိုက်ပွဲများတွင် တပ်မတော်မှ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိခဲ့ကြောင်း တပ်မတော်နှင့် AA အဖွဲ့တို့မှ ဝန်ခံခဲ့ကြပါသည်။

 

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ တပတ်ကျော် ဖြစ်ပွားခဲ့ပြီးနောက် AA အဖွဲ့အနေဖြင့် ၎င်းတို့ နေရာယူထားသည့် တောင်ကုန်းတခုမှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရပါသည်။

တပ်မတော်က ဇန်နဝါရီ  ၂၄ ရက်ကတည်းက ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ် များအပါအဝင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည့် AA အဖွဲ့ နေရာယူထားသော ပွိုင့် ၉၆၉  တောင်ကုန်းကို ဇန်နဝါရီ ၃၁ ရက်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်မှ အတည်ပြုခဲ့ပါသည်။

ယင်းတိုက်ပွဲများအတွင်း  နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း တပ်မတော်နှင့် AA အဖွဲ့ တာဝန်ရှိသူများက အတည်ပြုခဲ့ကြသော်လည်း အသေးစိတ်ကိုမူ ရှင်းလင်းခဲ့ခြင်း မရှိပေ။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။