ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 13, 2019

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ( ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံ  ဆွေးနွေးမှု၌  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ  တရားဝင်အစည်း အဝေးများ ပြန်လည်စတင်နိုင်ရေး ထပ်မံတွေ့ဆုံရန် အစိုးရဘက်က အဆိုပြုခဲ့မှု၊  AA အဖွဲ့ လှုပ်ရှားရာဒေသများရှိ စီးပွားရေး လုပ်ငန်းများကို ၂၀၂၀ မှစ၍ အခွန်ကောက်တော့မည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ် နိုင်က  ပြောကြားခဲ့မှုတို့မှာ သတိပြုစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် တပ်မတော်နှင့် KNU အောက်ခြေတပ်မှူးများ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့မှု၊ အစိုးရနှင့်  မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ၌  တွေ့ဆုံဆွေးနွေးရန် စီစဉ်မှုနှင့် တပ်မတော်က ဝင်ရောက်နေရာယူထားသည့် မွန်ပြည်သစ်ပါတီ၏ တပ်စခန်းနေရာကို ပြန်လည်ဖယ်ပေးလိုက်ပြီဟု  အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့မှု တို့ကိုလည်း ယခု ရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်စဉ်များအဖြစ်  တွေ့ရှိခဲ့ရပါသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၏ လုပ်ဆောင်မှု

ငြိမ်းချမ်းရေးကော်မရှင်(PC)ဥက္ကဋ္ဌ  ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့်  KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ တွေ့ဆုံခြင်းမှာ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)  အဖွဲ့တို့ အကြား နိုဝင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ပြီးနောက် ထပ်မံတွေ့ဆုံခြင်းဖြစ်ကာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ  တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် ထပ်မံတွေ့ ဆုံဆွေးနွေးရန် အစိုးရဘက်က အဆိုပြုခဲ့ကြောင်းလည်း သိရပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

AA အဖွဲ့ လှုပ်ရှားရာဒေသများရှိ စီးပွားရေး လုပ်ငန်းများကို ၂၀၂၀ မှစ၍ အခွန်ခေါင်းစဉ်ဖြင့် ငွေကြေး စတင်ကောက်ခံတော့မည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနကို  ပြောကြားခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း သတိပြုစရာသတင်းတပုဒ်ဖြစ်ခဲ့ပါသည်။ ယခုကဲ့သို့ AA ဘက်မှ အခွန်ဟုဆိုကာ တောင်းဆိုမည့် ငွေကြေးကို မပေးဆောင်ပါက တရားမဝင်အဖြစ် သတ်မှတ်ကာ မပေးသည့် ကုမ္ဗဏီ၊ လုပ်ငန်းများကို ဖျက်သိမ်းပစ်မည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  ပြောကြားခဲ့ ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှု တွင် ရေးသားထားပါသည်။

နောက်ထပ် ထူးခြားသည့်သတင်းတပုဒ်မှာ မြန်မာနိုင်ငံအပေါ် ICJ ၏ တရားစွဲဆိုမှုအပေါ်  ထောက်ခံ ကြောင်း  ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့်  ရခိုင်အဖွဲ့ (ULA/AA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PSLF/TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (MNTJP/MNDAA) တို့၏ သဘော ထားထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် တရုတ်အစိုးရက ညီနောင် မဟာမိတ်သုံးဖွဲ့ခေါင်းဆောင် များကို လူတွေ့ ဖိအားပေးမှု ပြုလုပ်ခဲ့သည်ဆိုသော သတင်းဖြစ်ပါသည်။ Kachin News Group သတင်းဌာနက ဖော်ပြခဲ့သည့် အဆိုပါသတင်းတွင် ဒီဇင်ဘာ ၅ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း တရုတ်–မြန်မာနယ်စပ်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (MNTJP/MNDAA)ဌာနချုပ် မုန်းလားတွင် တရုတ်အစိုးရကိုယ်စားလှယ်များက ရခိုင်အဖွဲ့ (ULA/AA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PSLF/TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (MNTJP/MNDAA)ခေါင်းဆောင်များနှင့်  တွေ့ဆုံစဉ်  ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံဆွေးနွေးအပြီးတွင် ပြန်လည်မတွေ့ ဆုံနိုင်သေးသည့် အစိုးရနှင့်  မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ၌  တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့သည့် သတင်းမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။ ယခုတွေ့ဆုံမှုသည်  ပြည်တွင်း၌ တွေ့ဆုံမည့် အပစ်ရပ်ရေးညှိနှိုင်း  ဆွေးနွေးပွဲမတိုင်မီ   အလွတ်သဘောဦးစွာ  တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့သည် ဒီဇင်ဘာ ၁၀ ရက်တွင် နေပြည်တော်၌  တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တပ်ပိုင်းဆိုင်ရာကိစ္စများအတွက်  အောက်ခြေတပ်မှူးများအကြား  ဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်း သိရပါသည်။

တပ်မတော်မှ KNU ထိန်းချုပ်နယ်မြေများအတွင်း ကားလမ်းဖောက်ခြင်းအတွက် တပ်မတော်နှင့် KNU တို့ အကြား တင်းမာမှုများ ရှိခဲ့ခြင်းကြောင့် ယင်းကိစ္စရပ်များကို အောက်ခြေတပ်မှူးများအကြား ဆွေးနွေးပွဲ ပြု လုပ် ဖြေရှင်းရန် တပ်မတော်နှင့် သဘောတူခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက  ပြောကြားခဲ့ပါသည်။

တစ်နှစ်ကျော်ကြာ ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်အစပြုနိုင်ရေးအဓိကကျသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို လာမည့် ဇန်နဝါရီလဆန်းတွင် ကျင်းပရန် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ခြင်းမှာလည်း အာရုံ စိုက်စရာဖြစ်ပါသည်။

အဆိုပါ JICM အစည်းအဝေးကို ခရစ္စမတ်ပိတ်ရက် မတိုင်မီ ကျင်းပရန် အစိုးရက အဆိုပြုထားရာ ထိုင်းနိုင်ငံ ချင်း မိုင်မြို့၌ ဒီဇင်ဘာ ၂ ရက်မှ ၄ရက် ထိ သုံးရက်ကြာ ကျင်းပခဲ့သည့် အပစ်ရပ် ၁၀ ဖွဲ့  ခေါင်းဆောင်များ၏ PPST အစည်းအဝေးတွင် အပစ်ရပ်အဖွဲ့များ၏ သဘောထားကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

တပ်မတော်၏ ဆောင်ရွက်မှု

နှစ်ဖက် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ NMSP/MNLA ၏ တပ်စခန်းနေရာမှာ တပ်မတော်က နေရာဝင်ယူထားခြင်းကို ပြန်လည်ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခင်မောင်လတ်က ပြောကြားခဲ့ပါသည်။

မွန်ပြည်သစ်ပါတီ တပ်စခန်းတည်ရှိရာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာတွင် နိုဝင်ဘာ ၂၇ ရက်က တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က ဝင်ရောက်နေရာယူထားခြင်းဖြစ်ပြီး ယင်း တိုက်ပွဲဖြစ်ပွားမှုတွင် တပ်မတော်အနေဖြင့် NCA ကို ချိုးဖောက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)ကို တိုင်ကြားစာ ပေးပို့ခဲ့ပြီးနောက် အဆိုပါသတင်း ထွက်ပေါ် ခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစု အသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။