ထုတ်ပြန်ကြေညာချက်များ (မေ တတိယပတ်)

Post By Pan Su Wai, On May 19, 2020

ထုတ်ပြန်ကြေညာချက်များ (မေ တတိယပတ်)

၂၀၂၀ ပြည့်နှစ် မေ ၁၂ ရက်မှ ၁၈ ရက်အထိ (မေ တတိယပတ်) ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၁ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ကိုးခုထိ ထုတ်ပြန်ခဲ့ပြီး KIO/KIA အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ကလည်း ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးကော်မတီက စတင်စစ်ဆေးကြောင်း” မေ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးစောဦး ဦးဆောင်သော ကော်မတီဝင်များနှင့် ရုံးအဖွဲ့များက စစ်တွေမြို့မှ မင်းပြားမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး   ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာ အနီးတဝိုက်နှင့် ရာမောင်တံတား လုံခြုံရေးစခန်းတို့တွင် တာဝန်ရှိသူများ၊ မျက်မြင်သက်သေများကို လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မင်းပြားမြို့မရဲစခန်း၌ သိမ်းဆည်းထားသည့် ဖြစ်စဉ်တွင် ပစ်ခတ်တိုက်ခိုက်ခြင်းခံရသော မော်တော်ယာဉ်နှင့် သေဆုံးသူ ခန္ဓာကိုယ်အတွင်းမှ တွေ့ရှိရသည့် ကျည်ဆံထိပ်ဖူးတို့အား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သိရှိလိုသည်များကို စစ်ဆေးမေးမြန်းဆောင်ရွက်ခဲ့ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် WHO အဖွဲ့ပိုင် မော်တော်ယာဉ်တစီး ပစ်ခတ်ခံရသဖြင့် အရပ်သားဝန်ထမ်းတဦး ဒဏ်ရာရရှိခဲ့ပြီး တဦး သေဆုံးခဲ့သည့်ဖြစ်စဉ်မှာ ဧပြီ ၂၀ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

မေ တတိယပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များအနက် “ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးမှုများပြုလုပ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” မေ ၁၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့မှုမှာ အာရုံစိုက်စရာဖြစ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည့် Video  ဖိုင်တစ်ခု ပျံ့နှံ့လျက် ရှိ၍ စိစစ်ခဲ့ရာ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသူ အမျိုးသား ငါးဦးအား စစ်ဆေးမှုများပြုလုပ်ရန်နှင့် တရားစွဲဆိုမှုများ ပြုလုပ်နိုင်ရန် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဧပြီ ၂၇ ရက်တွင် စစ်ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်စဉ် အစောင့်အဖြစ် လိုက်ပါလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့က ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် Video ဖိုင်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်စည်းကမ်းအရ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း” အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ရာ မေ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း COVID-19 ရောဂါဖြင့် ကုသမှုခံယူနေသော စစ်သည်အား နှစ်ကြိမ်ဆက်တိုက် စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိရမှု မရှိကြောင်း” သတင်း ထုတ်ပြန်မှုမှာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်မှုတွင် “နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည်တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့၍ လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကုသမှုလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း မေ ၁၅ ရက်နှင့် မေ ၁၇ ရက်တို့တွင် နှစ်ကြိမ် ဆက်တိုက် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း” ဖော်ပြထားပါသည်။

ထို့ပြင် “ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်နေစဉ် COVID-19 ရောဂါပိုး တွေ့ရှိရသည့် အရာရှိများနှင့် ထိတွေ့ခဲ့သည့် မြန်မာ့တပ်မတော်သင်တန်းသားအရာရှိများတွင် ရောဂါပိုး တွေ့ရှိရခြင်း မရှိကြောင်း” ကိုလည်း မေ ၁၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ `

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ ပါသည်။ ယင်းထုတ်ပြန်ချက်များအနက် “AA အဖွဲ့က လက္ကာကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ ထွက်ပြေးခဲ့ကြောင်း” မေ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်မှုမှာ သတိပြုစရာဖြစ်ခဲ့သည်။

ယင်းထုတ်ပြန်မှုတွင် “ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို မေ ၁၆ ရက်တွင် AA အဖွဲ့က လက္ကာကျေးရွာကျေးရွာအတွင်းမှ နေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့က ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့၍ ရွာ၏ အရှေ့ဘက်တောင်ကြောများပေါ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် AA အဖွဲ့၏ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း” ဖော်ပြ ခဲ့ပါသည်။

ထို့ပြင် “COVID-19  ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဆေးအဖွဲ့များ အား လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်တပ်ဖွဲ့ဝင်များကို AA အဖွဲ့က ကစ္စပနဒီတံတားအနီးတွင် ရီမုမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း”ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

မေ တတိယပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ COVID- 19 ကပ်ရောဂါနှင့် ပတ်သက်၍ KIO/KIA အဖွဲ့၏ မေ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ အချက် ခြောက်ချက်ပါ အဆိုပါ ထုတ်ပြန်ချက်တွင် “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ကြေညာသကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း COVID- 19 ကာကွယ် ထိန်းချုပ်ရေးမူဝါဒဖြစ်သော နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒအရ ထိထိရောက်ရောက် ကာကွယ်နှိမ်နှင်းရေး ဆောင်ရွက်ရန် ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်သင့်ကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “ KIO ဗဟိုကော်မတီသည် ယခုကဲ့သို့ ကပ်ဘေးရောဂါ ကျရောက်နေသည့် အချိန်ကာလတွင် စစ်ရေးကိစ္စများကို အဓိကမထားဘဲ ကပ်ဘေးရောဂါ ကာကွယ်နှိမ်နှင်းရေးကိစ္စများကို ဦးစားပေးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်အရပ်ဘက် အဖွဲ့အစည်းများနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” KIO/KIA အဖွဲ့၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

နောက်ထပ် သတိပြုစရာထုတ်ပြန်ချက်တခုမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ မေ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(NCA) အကောင်အထည်ဖော်မှုများဆိုင်ရာ လတ်တလောစိန်ခေါ်မှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်” ဖြစ်ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ယခုကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မရပ်တန့်စေရန်အတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင်သော်လည်းကောင်း၊ KNU အဖွဲ့နှင့် သီးသန့်သော်လည်းကောင်း အွန်လိုင်းမှတဆင့် ညှိနှိုင်းလုပ်ဆောင်နေပါကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “COVID- 19 ကာလအတွင်း KNU၏ အုပ်ချုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများရှိနေသည့် ခရိုင်၊ တပ်မဟာများအတွင်း တပ်မတော်စစ်ကြောင်းအချို့သည် ရန်လိုသည့် သဘောဆောင်သော လှုပ်ရှားမှုများကို ပိုမို လုပ်ကိုင်လာခြင်း၊ ခရိုင်အချို့တွင် လူထုနေထိုင်ရာ ဒေသများအပေါ် လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းခြင်းများကြောင့် IDPs များ ဘေးလွတ်ကင်းရာသို့ ရှောင်တိမ်းနေကြရကြောင်း၊ တပ်မတော်မှ တောမီးရှို့ခြင်းများကြောင့် ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးမှု တောင်ယာစိုက်ပျိုးရန် ပြင်ဆင်ထားသည့်နေရာများ အချိန်မတိုင်မီ လောင်ကျွမ်းသွားရခြင်းကြောင့် လာမည့်နှစ် ပြည်သူများ စားနပ်ရိက္ခာလုံခြုံမှုဆိုင်ရာ အခက်ခဲကြုံရမည့်အန္တရာယ် ရှိနေကြောင်းနှင့် ယင်းတို့အတွက် ဒေသတွင်းနေ တိုင်းရင်းသားပြည်သူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုလျော့နည်းလာစေကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “တပ်မတော်မှ အပစ်ခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ၍ မူတြော်ခရိုင်- တပ်မဟာ(၅)နှင့် ဆက်စပ် တပ်မဟာ(၂)နှင့် တပ်မဟာ(၇) ဒေသအချို့တွင် ယခင်နှစ်များထက် အင်အားနှစ်ဆဖြည့်တင်းခြင်း၊ တပ်စခန်း အသစ် တိုးချဲ့ခြင်းများသည် အပစ်ခတ်ရပ်စဲရေးခိုင်မာရေးအတွက် အရေးပါသည့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေကြောင်းနှင့် တပ်မတော်မှ NCA အခန်း(၃) အပိုဒ်(၅)ကို လိုက်နာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း” KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။