By
Pan Su Wai, On
ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် တတိယပတ်)
Post By Nyein Ko Ko Soe, On July 24, 2020

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၃ ရက်အထိ (ဇူလိုင် တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် ရပ်တန့်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်စလိုပြီး ၂၁-ရာစု ပင်လုံညီလာကိုလည်း တက်ရောက်လိုကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း၊ ၂၁-ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်ထိုးအဖွဲ့များမှ ထိပ်သီးခေါင်းဆောင်နှစ်ဦးစီ ဖိတ်ကြားသွားမည်ဖြစ်ပြီး လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များ ဖိတ်ကြားရေး ညှိနှိုင်းဆောင်ရွက်နေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။
ထို့ပြင် ‘ဝ’အဖွဲ့ (UWSP/UWSA) က ‘ဝ’ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲ၍ စမ်းသပ်အသုံးပြုနေကြောင်း‘ဝ’အဖွဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံက ပြောကြားခဲ့မှု၊ အစိုးရ၊ အပစ်ရပ်အဖွဲ့နှင့် အနိုင်ရပါတီ ၂၁ ပါတီမှ ကိုယ်စားလှယ်များ ရန်ကုန်မြို့၌ တွေ့ဆုံရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။
NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု
ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာသတင်းတပုဒ်မှာ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ၎င်းတို့အကြား ရပ်တန့်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်စလိုပြီး ၂၁-ရာစုပင်လုံညီလာကိုလည်း တက်ရောက်လိုကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့မှုကို ဧရာ၀တီသတင်းဌာနမှ ဇူလိုင် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့ ပါဝင်သော PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့တို့၏ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဇူလိုင် ၂၁ ရက်စွဲဖြင့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ဧရာ၀တီသတင်းတွင် ပါရှိခဲ့သည်။အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာ စုပင်လုံ စတုတ္ထ အစည်းအဝေး တက်ခြင်း မတက်ခြင်း ၊ ခွင့်ပြုခြင်း၊ မပြုခြင်းမှာ NRPC အပေါ်တွင်သာ မူတည်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာ၀တီသို့ ပြောကြားခဲ့ပါသည်။
‘ဝ’အဖွဲ့ (UWSP/UWSA) က ‘ဝ’ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲ၍ စမ်းသပ်အသုံးပြုနေကြောင်း‘ဝ’အဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံဦးညီရန်း က ပြောကြားခဲ့မှုကို ဖော်ပြခဲ့သည့် ဇူလိုင် ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ သတင်းမှာလည်း သတိပြုစရာ ဖြစ်ခဲ့ပါသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ရောက်ရှိလာခဲ့သည့် “၀” ပြည်နယ် အခြေခံဥပဒေစမ်းသပ်ချက် ဟူသော စာအုပ်၏ ဓာတ်ပုံနှင့် ပတ်သက်၍ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက “၀” ပြည်နယ် အခြေခံဥပဒေမှာ ယခင်ကတည်းက ရှိပြီးသားဖြစ်ပြီး စမ်းသပ်သုံးစွဲနေပြီဖြစ်ကြောင်း The Daily Eleven သတင်းစာကို ပြောကြားခဲ့ကြောင်း သိရပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟု ပြဋ္ဌာန်းထားသော်လည်း UWSP/UWSA အဖွဲ့ကမူ “၀” ပြည်နယ်ဟုသာ ခေါ်ဝေါ်သုံးစွဲလေ့ရှိပြီး ၎င်းတို့ကိုယ်တိုင်လည်း “၀” ပြည်သူ့အစိုးရဟု သတင်း များ ထုတ်ပြန်ကြေညာလေ့ရှိကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။
NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု
ဩဂုတ်လအတွင်း ကျင်းပမည့် ၂၁-ရာစု ပင်လုံညီလာခံတွင် NCA လက်မှတ်ထိုးအဖွဲ့များမှ ထိပ်သီးခေါင်းဆောင်နှစ်ဦးစီ ဖိတ်ကြားသွားမည်ဖြစ်ပြီး လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ ဖိတ်ကြားရေး ညှိနှိုင်းဆောင်ရွက်နေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သော ဇူလိုင် ၂၁ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။
ဇူလိုင် ၁၇ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေး က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၁- ရာစု ပင်လုံညီလာခံကို ကိုဗစ်-၁၉ ကာလအတွင်း ကျင်းပရခြင်း ဖြစ်၍ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန် အသေးစိတ် ပြင်ဆင်ညှိနှိုင်းနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။
နောက်ထပ်စိတ်ဝင်စားစရာ သတင်းတပုဒ်မှာ 7 Day Daily သတင်းစာကပင် ဇူလိုင် ၂၁ ရက်တွင် ဖော်ပြခဲ့သော အစိုးရ၊ အပစ်ရပ်အဖွဲ့နှင့် အနိုင်ရပါတီ ၂၁ ပါတီမှ ကိုယ်စားလှယ်များ ရန်ကုန်၌ တွေ့ဆုံမည့်သတင်း ဖြစ်ပါသည်။
အစိုးရ ၊ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ရွေးကောက်ပွဲအနိုင်ရပါတီ ၂၁ ပါတီမှ ကိုယ်စားလှယ်များမှာ ဇူလိုင် ၂၈ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံပြီး ၂၁ ရာစု ပင်လုံညီလာခံရလဒ် အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ ကိုယ်စားလှယ်များက ပြောကြားမှုကို ကိုးကား၍ 7 Day သတင်းတွင် ဖော်ပြထားပါသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင် တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By
Pan Su Wai, On
By
Nyein Ko Ko Soe, On
တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ပထမပတ်)
By
Pan Su Wai, On