ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ ( ဩဂုတ် တတိယပတ်)

Post By Nyein Ko Ko Soe, On August 21, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ ( ဩဂုတ် တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်အထိ (ဩဂုတ် တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာထားသည့် ULA/AA အဖွဲ့ အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးနိုင်ရေး အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ ငြိမ်းချမ်းရေးအပေါ် အစိုးရနှင့် တပ်မတော် သဘောထားမတူကြောင်း တိုင်းရင်းသားခေါင်းဆောင်များက သုံးသပ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

ထို့အပြင် ယခုကျင်းပနေသည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ တွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ထည့်သွင်းရေးဆွဲခွင့်မရခဲ့မှု၊ ကချင်စစ်ရှောင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ သဘောတူညီခဲ့မှုတို့မှာလည်း သတိပြုစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ဩဂုတ်တတိယပတ်အတွင်း အာရုံစိုက်စရာ သတင်းတပုဒ်အဖြစ် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာထားသည့် ULA/AA အဖွဲ့ အပါအဝင် မြောက်ပိုင်း လေးဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးနိုင်ရေး အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြားခဲ့ခြင်းကို မြန်မာတိုင်းမ်သတင်းဌာနက ဩဂုတ် ၁၇ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

မြောက်ပိုင်းလေးဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို အစိုးရက အဖွဲ့လိုက်နှင့် တဖွဲ့ချင်းစီ Bilateral ဆွေးနွေးပြီးမှ NCA လမ်းကြောင်းပေါ်သွားမည့် လုပ်ငန်းစဉ်အား အဆိုပြုခဲ့ရာ မြောက်ပိုင်းလေးဖွဲ့က လက်ခံကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဦးဇော်ဌေးက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။

သို့ရာတွင် ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာထားခြင်းကြောင့် ယင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရန် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့အကြား ပြန်လည်သုံးသပ်သွားရ မည်ဟုလည်း မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ထို့အပြင် ULA/AA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း သတ်မှတ်ထားခြင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်ရန် ငြင်းပယ်မှုပြုခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်မှုလမ်းစဉ်နှင့် သွေဖည်နေ၍ ကန့်ကွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ စစ်ရေးအဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က သဘောထားရပ်တည်ချက် ထုတ်ပြန်ခဲ့သော သတင်းကို ဩဂုတ် ၂၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့မှုမှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

သို့ရာတွင် အဆိုပါ ထုတ်ပြန်ချက်ထုတ်ပြန်ခြင်းကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ချက်ချင်း မသိရှိဘဲ ထုတ်ပြန်ပြီးမှ သာသိရှိခြင်းဖြစ်ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

နောက်ထပ် စိတ်ဝင်စားစရာသတင်းတပုဒ်မှာ ကချင်စစ်ရှောင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ သဘောတူညီမှုရခဲ့ကြောင်း VOA သတင်းဌာနက ဩဂုတ် ၂၀ ရက်တွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

တပ်မတော်နှင့် KIA အဖွဲ့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက်အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရွာ ၁၇ ရွာကို ပြန်လည်ထူထောင်ရေး လုပ်ပေးရန် သဘောတူခဲ့ကြောင်း ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က VOA ကို ပြောကြားခဲ့သည်ဟု သိရပါသည်။

ကချင်တိုက်ပွဲရှောင်များ နေရပ်ပြန်ရေးအတွက် ဂျပန်အစိုးရ၏ ငွေကြေးထောက်ပံ့မှုကို အစိုးရကလည်း ခွင်ပြုပေးလိုက်၍ ယခုလမကုန်ခင် ကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစမည်ဖြစ်ကြောင်း VOA သတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

သြဂုတ် ၁၉ ရက်က နေပြည်တော်တွင် စတင်ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သဘောထားများ မတူခြင်းကို တွေ့ရကြောင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များက သုံးသပ်ပြောကြားခဲ့မှုကို BBC သတင်းဌာနက ဖော်ပြခဲ့သောသတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ခုကို ပြောကြားခဲ့ပြီး အဆိုပါအချက်များအနက် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအချက်တို့ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားပါသည်။ဥ

သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အဓိက ကျနိုင်သည့် အချက် ၃ ချက်အဖြစ် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် မရိုးသားခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းစဉ်များ တွဲဆက်ထားခြင်း၊ တိကျပြတ်သားသည့် အခြေခံမှုတွင် ခိုင်မြဲစွာရပ်တည်နိုင်မှု အားနည်းခြင်းဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

ထိုကဲ့သို့ အစိုးရနှင့် တပ်မတော် သဘောထားကွဲလွဲခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ပြောကြခြင်းသာ ဖြစ်ပြီး တဦးနှင့် တဦး ညှိနှိုင်း ပြောခြင်း မဟုတ်၍ ဖြစ်ကြောင်း နိုင်ငံရေးပါတီများ ကိုယ်စားပြု တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဘီဘီစီကို ပြောကြားခဲ့ပါသည်။

ထို့အပြင် ယခုကျင်းပနေသည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း ၃ တွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့် မရခဲ့ခြင်းကို မြန်မာတိုင်းမ်သတင်းဌာနက ဩဂုတ် ၁၇ ရက်တွင် ဖော်ပြခဲ့သည့်သတင်းမှာလည်း သတိပြုစရာ ဖြစ်ခဲ့ပါသည်။

ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံအကျဆုံးအချက်အဖြစ် တိုင်းရင်းသားများက ရှုမြင်ထားသည့် အဆိုပါ အချက်ကို အစိုးရက ပြည်နယ်အခြေခံဥပဒေဟူ၍သာ သုံးခွင့်ပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟု သုံးနှုန်းလိုခြင်းကြောင့် သဘောတူညီချက် မရရှိဘဲ ချန်လှပ်ခံရခြင်း ဖြစ်သည်ဟု အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာတိုင်းမ်သတင်းတွင် ပါရှိခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ် တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။