ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ တတိယပတ်)

Post By Pan Su Wai, On January 24, 2020

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ တတိယပတ်)

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁၄ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ (ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၉ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့မှ ငါးခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ရှစ်ခု၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တခုနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ ရှစ်ခုအထိ ထုတ်ပြန်ခဲ့ကြပါသည်။

ဇန်နဝါရီတတိယပတ်ကာလအတွင်း ထုတ်ပြန်ချက်များအနက်  “NLD လွှတ်တော်အမတ်ဦးဝှေ့တင်းအား ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း” AA အဖွဲ့၏ ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့သည်။  အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်နှင့် ချင်း၊ ခူမီး၊ မြို၊ ဒိုင်းနက်၊ သက် အပါအဝင် အခြားသော ရခိုင်မျိုးနွယ်စုများသည် ရခိုင်ဒေသအတွင်း၌ နှစ်ပေါင်းများစွာကတည်းကပင် အတူတကွနေထိုင်လာခဲ့ကြသူများဖြစ်သည့်အပြင် ရခိုင်နိုင်ငံတော်ကို စုပေါင်းတည်ဆောက်ခဲ့ကြသူများဖြစ်ကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားသောကြောင့် NLD လွှတ်တော်အမတ်ခူမီးအမျိုးသား ဦးဝှေ့တင်းအား ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)က ဇန်နဝါရီ ၂၂ရက်စွဲဖြင့် ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ အချက် သုံးချက်ပါဝင်သည့် အဆိုပါထုတ်ပြန်ချက်တွင် “ ဦးဝှေ့တင်း လွတ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြားဝင်ဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်းအသီးသီးနှင့် ပုဂ္ဂိုလ်အသီးသီးအား အသိအမှတ်ပြုကြောင်းနှင့် အထူးကျေးဇူးတင်ရှိပါကြောင်း” ဦးစွာဖော်ပြခဲ့ပြီး AA အဖွဲ့မှ ဖမ်းဆီးထားဆဲဖြစ်သည့် ချင်းလူမျိုးအနည်းဆုံး ၁၂ ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ဆက်လက်ပြီး KACC သည် နောက်ထပ်ထုတ်ပြန်ကြေညာချက်တခုကိုလည်း ဇန်နဝါရီ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် အချက်လေးချက် ပါဝင်ခဲ့ပြီး “ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အဓိကနေထိုင်ကြသည့် ခူမီးမျိုးနွယ်စုသည် ဘာသာစကားရိုးရာယဉ်ကျေးမှုနှင့် ဆင်းသက်လာပုံ သမိုင်းကြောင်းအရ ချင်းမျိုးနွယ်စုတခုဖြစ်ပြီး မည်သည့်အခါမှ ချင်းမှအပဖြစ်သော အခြားမျိုးနွယ်စုတခုခုတွင် မျိုးနွယ်စုဝင်အဖြစ်ခံယူခြင်း၊ လက်ခံခဲ့ခြင်းမရှိကြောင်း၊ ခူမီးချင်းများအနေဖြင့် ရှေးအစဉ်အဆက်ကပင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အေးချမ်းစွာနေထိုင်ခဲ့ကြပြီး၊ ရခိုင်တိုင်းရင်းသားများနှင့် တတ်နိုင်သမျှ သင့်တင့်မျှတအောင် ပေါင်းသင်းဆက်ဆံအဆွေခင်ပွန်းဖွဲ့၍ နေထိုင်လာခဲ့ကြကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “ယခုအခါ မိမိတို့နေထိုင်ရာဒေသအား ရခိုင်ပြည်နယ်နှင့်ဆိုင်သောနယ်မြေဒေသတခုအဖြစ် အကြိမ်ကြိမ် နည်းအမျိုးမျိုးဖြင့် ထုတ်ဖော်ပြောဆိုနေခြင်းနှင့် ခူမီးချင်းများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ်  ရေးသားသုံးနှုန်းလာခြင်းတို့သည် နိုင်ငံရေး၊ လူမျိုးရေးအရ ခူမီးချင်းမျိုးနွယ်ဝိသေသနနှင့် နေထိုင်ရာ ဒေသကို မှေးမှိန်ပျောက်ကွယ်စေရန် ဦးတည်ရည်ရွယ်သည့်အပြုအမူအဖြစ် သုံးသပ်မြင်တွေ့ရကြောင်းနှင့်  ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အဓိကနေထိုင်ကြသည့်ခူမီးလူမျိုးများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် အများထင်ယောင် ထင်မှားဖြစ်စေသည့်ရေးသားသုံးနှုန်းမှုများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တဦးတယောက်အနေဖြင့် ပြောဆိုသုံးနှုန်းခြင်းမပြုရန် အလေးအနက်အသိပေးလိုက်ကြောင်း” KACC ၏ ထုတ်ပြန်ချက်တွင်  ဖော်ပြခဲ့သည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ အပြီးသတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးနှင့်  တပ်မတော်တို့၏ သတင်းထုတ်ပြန်ချက်များမှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် အချက်(၉)ချက်ပါဝင်ခဲ့ပြီး “တိုက်ခိုက်မှုဖြစ်စဉ်များ အတွင်း ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သား များက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့ကြောင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အား မမျှမတ သုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြပြီး မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှုများပြားခဲ့သည်ကို  စုံစမ်းတွေ့ရှိခဲ့ကြောင်းနှင့် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ  ဆောင်ရွက်ကျူးလွန်ခဲ့သည်ဟု  ကောက်ချက်ချနိုင်သော လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်၏တွေ့ရှိချက်များက ဖော်ပြခဲ့သည်”ဟု ဦးစွာဖော်ပြထားပါသည်။

ဆက်လက်ပြီး “ကော်မရှင်၏ အကြံပြုချက် (၂၂) ချက် အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် အကြံပြု ချက်ပါဝင်ပြီး  နိုင်ငံတော်သမ္မတက ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားစေရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် သဘောတူကြောင်း၊ တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် မင်းကြီးနှင့် ချွတ်ပြင်ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မူဆလင်ကျေးရွာများရှိ နေအိမ်မီး  လောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော်စစ်ဥပဒေချုပ်ရုံးအနေဖြင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ ဆောင်ရွက်နိုင်စေရန် အလို့ငှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံနှင့်  နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံသို့လည်း ပေးပို့ခဲ့ပြီး ဖြစ်သည်”ဟုလည်း  ဖော်ပြခဲ့သည်။

ယင်းနောက် “ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် စာနာဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး တာဝန်ခံမှုနှင့် တရားမျှတမှုရှိစေရေးအတွက်နှင့် အဆင့်မီလုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားအပ်ပါကြောင်း” နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်တွင်လည်း “တပ်မတော်အနေဖြင့် ကြိုတင်ကြံရွယ်ချက် မရှိဘဲ ARSA အဖွဲ့များနှင့် ဒေသရှိသူများ၏ အကြမ်းဖက် တိုက်ခိုက်မူများ ကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံး၏ တွေ့ရှိချက်အရ ပြစ်မူတစ်စုံတစ်ရာ ကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားတွေ့ရှိခဲ့ပါက စစ်ဘက် တရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ဇန်နဝါရီ ၂၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက်၌ “ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့  လျှောက်ထားချက်နှင့်ပတ်သက်၍ ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် မှတ်သားထားရှိကြောင်း” ဦးစွာဖော်ပြခဲ့ပြီး ယခုအမှုကိစ္စတွင် မူလလျှောက်ထားချက်၏ ခိုင်လုံမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် အချက်အလက်မှန်များကို အခြေခံကာ မှန်ကန်သည့် စီရင်ဆုံးဖြတ် ချက် ချမှတ်သွားရေးမှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည်”ဟု ထုတ်ပြန်ခဲ့ပါ သည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့်  “ဝ”အဖွဲ့ UWSP/UWSA၊ ကချင်အဖွဲ့ KIO/KIA၊ တအာင်းအဖွဲ့ PSLF/TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA တို့က ဝမ်းမြောက်စွာ ကြိုဆိုထောက်ခံကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။

သို့ရာတွင် ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများက တရုတ်သမ္မတရှီကျင့်ဖျင်သို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ရာတွင် မြစ်ဆုံစီမံကိန်းအား အပြီးတိုင် ဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်စောင့်ကြည့်ရေးအဖွဲ့ကလည်း တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး လက်မှတ်ရေးထိုးမည့်အစီအစဉ်အား ရပ်တန့်ထားရန် ဇန်နဝါရီ ၁၆ ရက်က ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တတိယပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။