တိုက်ပွဲဖြစ်ပွားမှုများ (မေ ပထမပတ်)

Post By Nyein Ko Ko Soe, On May 7, 2020

တိုက်ပွဲဖြစ်ပွားမှုများ (မေ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ (မေ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ တွင် တိုက်ပွဲဖြစ်ပွားမှု သုံးကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

မေ ပထမပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ARSA အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား မေ ပထမပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားခဲ့သော်လည်း မောင်တော၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။

မောင်တောမြို့နယ် အငူမော်-မောင်တော သွားလမ်းပေါ်ရှိ ဥဒေါင်းကျေးရွာစခန်းအနီးတွင် ဧပြီ ၃၀ ရက်က မိုင်းပေါက်ကွဲမှုကြောင့် ရွာသား တဦး သေဆုံးခဲ့ကြောင်း DVB သတင်းဌာနက မေ ၂ ရက်တွင် သတင်း ဖော်ပြခဲ့သည်။ သေဆုံးခဲ့သူမှာ ဥဒေါင်းကျေးရွာတွင် ကုန်စုံဆိုင်ဖွင့်သူ ဖြစ်ပြီး မျှစ်ချိုးချိန်တွင် အထုပ်တထုပ် တွေ့၍ ဖွင့်ကြည့်ရာမှ ပေါက်ကွဲသေဆုံးခြင်းဖြစ်သည်ဟု ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြား ကြောင်း DVB သတင်းတွင် ပါရှိခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ သေဆုံးသူမှာ AA အဖွဲ့မှ အမာခံတစ်ဦး ဖြစ်ပြီး မောင်တော- အငူမော်သွားကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို့ လာရောက် မိုင်းထောင်စဉ် မိုင်းပေါက်ကွဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

မေ ၄ ရက်တွင်လည်း ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသားတဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း နိရဉ္ဇရာသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။ သေဆုံးခဲ့သူမှာ နွားရှာသွားရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး သရက်တပင်ဆေးခန်းတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း နိရဉ္ဇရာသတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ဆရာမတဦးလည်း မေ ၃ ရက် နံနက်ပိုင်းက မိုင်းထိခဲ့၍ စစ်တွေမြို့ရှိ အမှတ် ၁၇ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်ကုသ ခဲ့ရကြောင်း RFA သတင်းဌာနက မေ ၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

မေ ၂ ရက် ညနေပိုင်းက ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင် ဈေးလာဝယ်သည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို AA အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိခဲ့ကြောင်း DVB သတင်းဌာန၏ မေ ၃ ရက်တွင် သတင်းဖော်ပြမှုအရ သိရပါသည်။

တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာတွင် မေ ၄ ရက် ညနေ ၆ နာရီကျော်က စတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။ ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက အဆိုပါငတောက်တူချေကျေးရွာမှ ရွာသားများသည် ရွာလုံးကျွတ် စွန့်ခွာတိမ်းရှောင်နေကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

ရသေ့တောင်မြို့နယ်အတွင်း ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သော ကျေးရွာပေါင်း ရှစ်ရွာခန့်ရှိပြီး ကျောက်တန်း၊ သမီးလှနှင့် အမျက်တောင်ကျေးရွာတို့မှာ အများဆုံး လောင်ကျွမ်းခဲ့ကြောင်း BBC သတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် မေ၂ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို ARSA အဖွဲ့က ချောင်းမြောင်း ပစ်ခတ်သောကြောင့် ဒုရဲအုပ် တဦးနှင့် ရဲတပ်သား တဦး ဒဏ်ရာရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုကို ကိုးကား၍ ဧရာဝတီသတင်းဌာနက မေ ၃ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးတလျှောက် ကင်းလှည့်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို နယ်ခြား မှတ်တိုင်၊ ဘီပီ ၄၁ ၏ အရှေ့တောင်ဘက် မီတာ ၄၀၀ သို့ ရောက်ရှိစဉ် ARSA အဖွဲ့က ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ မေ ၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဧပြီ ၁၅ ရက်ကလည်း အောင်ဇူနယ်မြေရုံးမှ အရေးကြီးလုပ်ငန်းစာရွက်များ ပေးပို့သော ရဲတပ်ဖွဲ့ဝင်များကို ARSA အဖွဲ့က ခမောင်းဆိပ်ကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့် အကွာ၌ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် ပို့ဆောင်ရေးလမ်းကြောင်းပြတ်တောက်ပြီး စားနပ်ရိက္ခာပြတ်လတ်မှုနှင့် ကြုံနေရသည့် ပလက်ဝမြို့နယ်အတွက် စားနပ်ရိက္ခာထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မော်တော်ယာဉ်နှင့် တပ်မတော်ယာဉ်တန်း ဧပြီ ၂၉ ရက်က တိုက်ခိုက်ခံခဲ့ရကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

အခြေခံစားသောက်ကုန်နှင့် အခြားအသုံးဆောင်ပစ္စည်းများ တင်ဆောင်လာသည့် အဆိုပါယာဉ်တန်းကို ဆမီးမြို့မှ အထွက် ရပ်ဒိန်ကျေးရွာအနီးမှာ AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားယာဉ်မောင်းတဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး မော်တော်ယာဉ် လေးစီး ထိခိုက်ပျက်စီးခဲ့ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။