တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On October 14, 2020

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ (အောက်တိုဘာ ဒုတိယပတ်) ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တဦးနှင့် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်၊ မြောက်ဦးမြို့နယ်များတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေပါသည်။ အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့တို့ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်လည်း NCA လက်မှတ် ထိုးထားသည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် KNU/KNLA PC နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်၏ အပစ်ရပ်ကြေညာမှုတွင် ပါဝင်သော်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်တွင် စက်တင်ဘာလကုန်မှ စ၍ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)အဖွဲ့တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေကြောင်း 7 Day နှင့် ဧရာ၀တီသတင်းဌာနများက သတင်းဖော်ပြခဲ့ပါသည်။

ဧရာ၀တီသတင်းဌာန၏ အောက်တိုဘာ ၈ ရက်တွင် သတင်းဖော်ပြမှုအရ တပ်မတော်နှင့် RCSS အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၂၆၀၀ ကျော်အထိ တိုးလာကြောင်း သိရပါသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက RCSS အဖွဲ့က အပစ်ရပ်စာချုပ်များ ချုပ်ထားစဉ် သဘောတူထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မနေဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ နယ်မြေကျော်လွန်လာခြင်းကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဧရာ၀တီကို ပြောကြားခဲ့သည်။

တပ်မတော်နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုမှာ မြို့နယ်အတွင်းသာမက ကျောက်မဲမြို့ပေါ် ရပ်ကွက်များအထိ ရောက်ရှိလာပြီး နှစ်ဖက်စလုံးက အသွားအလာ ကန့်သတ်ထားခြင်းကြောင့် ကိုဗစ်-၁၉ သံသယ လူနာ များအား ဓာတ်ခွဲနမူနာရယူရန် ခက်ခဲနေကာ ရောဂါတိုက်ဖျက်ရေး အခက်တွေ့နေကြောင်း 7 Day Daily သတင်းစာကလည်း အောက်တိုဘာ ၈ ရက်တွင် သတင်း ဖော်ပြခဲ့ပါသည်။

ထို့အပြင် အောက်တိုဘာ ၉ ရက် ညပိုင်းက ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်များ ပျက်စီးခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

အောက်တိုဘာ ၁၂ ရက်တွင်မူ တပ်မတော်နှင့် RCSS အဖွဲ့တို့ ကျောက်မဲဒေသအတွင်း တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။ တပ်မတော်နှင့် RCSS အဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်ကစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရပ်သား ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ် ငေါ့စပစ်ကျေးရွာတွင်လည်း အောက်တိုဘာ ၈ ရက်က ဗုံးသီးဟောင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေ၍ Stay at Home နေရန် ကြေညာထားသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် ဒေသခံ ထောင်နှင့် ချီ၍ နေ့ရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း သတင်းဌာနများက ဖော်ပြခဲ့ပါသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုများ နေ့စဉ်ဖြစ်ပွားနေ၍ ဒေသခံ လေးထောင်ကျော် နေ့ရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အရပ်သား ထိခိုက်ဒဏ်ရာမှုများလည်း ရှိနေကြောင်း 7 Day Daily သတင်းစာ၏ သတင်းဖော်ပြမှုများအရ သိရပါသည်။

မေယုမြစ်အတွင်းမှ တပ်မတော်စစ်ရေယာဉ်များ၏ ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် မေယုမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ နေအိမ်များ၊ ဒုက္ခသည်စခန်းမှ တဲအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ လက်နက်ထိမှန်ပြီး ပျက်စီးမှုများရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

အောက်တိုဘာ ၉ ရက်ထုတ် 7 Day Daily သတင်းစာ၏ ဖော်ပြမှုအရ အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ရသေ့တောင်မြို့နယ် အနောက်ပြင် မွတ်စလင်ကျေးရွာအတွင်းသို့ တပ်မတော်ရေယာဉ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားတဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

အလားတူ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၌လည်း မြေမြှုပ်မိုင်း နင်းမိ၍ မြိုလူမျိုး အမျိုးသမီး တဦး သေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ ထို အမျိုးသမီးသုံးဦးမှာ ဗန့်ဘွေးရွာသူများ ဖြစ်ပြီး မှိုရှာသွားရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ပါရှိခဲ့သည်။

ထို့အပြင် မြောက်ဦးမြို့အနီး ရှေးဟောင်းသမိုင်းဝင် နဖူးသင်္ကျစ်တော်တောင်တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

VOA သတင်းဌာန၏ သတင်းဖော်ပြမှုအရလည်း အောက်တိုဘာ ၁၀ ရက်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အမ်းမြို့နယ် ဒလက်ရွာဟောင်းမှ ရွာသားနှစ်ဦးအနက် တဦးမှာ ဒဏ်ရာ ပြင်းထန်၍ သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ရခိုင်ပြည်နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု မကြာခဏ ကြုံတွေ့နေရကြောင်း အဆိုပါ သတင်းတွင် သုံးသပ်ထားပါသည်။

ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာအနီးရှိ တောင်တန်းများတွင် တပ်မတော်နှင့် AA အဖွဲ့တို့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှစတင်၍ တနေ့လုံး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တပ်မတော်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့ပါသည်။ တိုက်ပွဲအတွင်း တပ်မတော်က တိုက်လေယာဉ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်သကဲ့သို့ ကြည်းတပ် ၊ ရေတပ်များကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း ရသေ့တောင်ဒေသခံများက ဧရာ၀တီကို ပြောကြားခဲ့သည်။

ထို့အပြင် တိုက်ပွဲများအတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အောင်စည်သာကျေးရွာမှာ မီးလောင်သွားခဲ့ပြီး အနီးရှိ ကျေးရွာများမှ ဒေသခံထောင်နှင့် ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း VOA သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က အောက်တိုဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းနှင့် အောင်စည်သာကျေးရွာများ မီးလောင်ရခြင်းမှာ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ နေရာယူထားသည့် AA အဖွဲ့များကို တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်ရရှိခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသည့် AA အဖွဲ့ဝင်များက ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ဟု ဖော်ပြခဲ့ပါသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC) နှင့် မွန်ပြည်သစ်ပါတီ (NMSP/MNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက အောက်တိုဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ကော့ကရိတ်မြို့နယ် ကျောက်ရေတွင်းကျေးရွာနှင့် မင်းရွာအကြားရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ အတွင်းသို့ KNU/KNLA PC တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း KNU/KNLA PC မှ ဗိုလ်မှူး စောအယ်မူးဝါးက ဧရာဝတီသို့ ပြောကြားခဲ့သည်။KNU/KNLA PC နှင့် မွန်ပြည်သစ်ပါတီတို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော နှစ်ဖွဲ့ ဖြစ်ပြီး ယခုဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို နှစ်ဖက်တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ခြင်းမရိကြောင်း သတင်းတွင် ပါရှိခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။