တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာနောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On January 3, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာနောက်ဆုံးပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) အမ်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု တဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA ၊ TNLA အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများအပြင် NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့ပါသည်။

 

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားမှု

ဒီဇင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း လားရှိုး-နမ္မတူကားလမ်းပေါ်တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ဘီးကားယာဉ်မောင်းတဦး သေဆုံးခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသွားကားများကို ရပ်တန့်ထားခိုင်းပြီး ပြန်လွှတ်သည့်အချိန်တွင် ခြောက်ဘီးကားကို လက်နက်ကြီးကျည်ထိမှန်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ TNLA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လားရှိုးဘက်မှ နမ္မတူဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးယာဉ်တစ်စီးအား လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ရခိုင်ပြည်နယ်(မြောက်ပိုင်း)၌ ဒီဇင်ဘာ တတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုများအနက် ကျောက်တော်၊ မြေပုံ၊ မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် အရပ်သား ၁၃ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။

ကျောက်တော်မြို့အဝင်တွင် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက တပ်မတော်နှင့် AA အဖွဲ့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်မှုအတွင်း အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းတွင်လည်း ကျောက်တော်မြို့အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ခြင်းကြောင့် ကျောင်းဆရာမ တဦးနဲ့ အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့ပါသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောက်တော်မြို့အတွင်း လုံခြုံရေးယူထားသည့် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က လာရောက်ပစ်ခတ်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ဘက်က ပြောကြားခဲ့ပါသည်။

ထို့ပြင် ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း မြေပုံမြို့နယ် ကျွဲကူးဆိပ်ချင်းအမျိုးသားကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ရွာသား ခြောက်ဦးဒဏ်ရာရခဲ့ပါသည်။ မြေပုံမြို့နယ် စညင်းကျေးရွာအနီး တောင်တန်းများတွင်လည်း တပ်မတော်နှင့် AA အဖွဲ့အကြား ဒီဇင်ဘာ ၃၁ ရက် တရက်လုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ကူပေး တိုက်ခိုက်ရသည်အထိ ပြင်းထန်ခဲ့ကြောင်း သိရပါသည်။

မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာနှင့် စင်းဘောကိုင်းကျေးရွာတွင်လည်း ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက လက်နက်ကြီးကျည်ခြောက်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါသည်။

နောက်ထပ် တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာမှာ မင်းပြားမြို့နယ် ရာမောင်တံတားတွင် ဖြစ်ပြီး ရာမောင်တံတားထိပ်ရှိ တပ်မတော်လုံခြုံရေးစခန်းကို AA အဖွဲ့မှ ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တရက်လုံး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ကားအသွားအလာများ ရပ်ဆိုင်းခဲ့ကာ အနီးရှိ  ကျေးရွာများမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင်လည်း အဆိုပါရာမောင်တံတားအနီး တောင်တန်းတွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ရန်ကုန်- စစ်တွေကားလမ်းတွင် ကားအသွားအလာများ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရပါသည်။

AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၉ ရက်အထိ  နှစ်လကြာ အပစ်အခတ်ရပ်စဲကြောင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် မြေပုံ၊ အမ်း၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက် နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူ ရာနှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။

 

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းတွင် ပလက်ဝမြို့နယ်၊ တွီတောင်ရွာအနီးရှိ တောင်ကုန်းကို  တပ်မတော်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင်လည်း တပ်မတော်ဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ဘက်ကမူ AA အဖွဲ့၏ ထုတ်ပြန်မှုကို ငြင်းဆန်ခဲ့ပြီး ပလက်ဝမြို့နယ်၊ နှုံးဗူးကျေးရွာနားရှိ တပ်မတော်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး ဇန်နဝါရီ ၂ ရက်အထိ AA ဘက်က ငါးကြိမ်အထိ အင်အားအမြောက်အများဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာ နောက်ဆုံးပတ်ကာလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် သတိပြုစရာတိုက်ပွဲဖြစ်ပွားမှုမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝါသိုးခိုကျေးရွာတွင် တပ်မတော်စစ်ကြောင်းနှင့် KNU တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ဝါသိုးခိုကျေးရွာတွင် လာရောက်စခန်းချနေသည့် တပ်မတော်စစ်ကြောင်းကို ပြန်လည်ထွက်ခွာပေးရန် KNU ဘက်က တောင်းဆိုရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့သော်လည်း တပ်မတော်က ရွာကို ပိတ်ဆို့ထား၍ ရွာသားများ ပိတ်မိနေသည်ဟု AkonThi သတင်းဌာနက ဖော်ပြခဲ့ပါသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။