ထုတ်ပြန်ကြေညာချက်များ (မေ နောက်ဆုံးပတ်)

Post By Pan Su Wai, On June 2, 2020

ထုတ်ပြန်ကြေညာချက်များ (မေ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်မှ ဇွန်၁ရက်အထိ (မေ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပါတီများမှ စုစုပေါင်း ၂၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ၁၄ ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရမှ သုံးခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ငါးခုနှင့် ပါတီများမှ တခု အသီးသီးထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

မေနောက်ဆုံးပတ်အတွင်း ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များအနက် မေ၂၈ ရက်စွဲဖြင့် “COVID- 19 ထိန်းချုပ်၊ကာကွယ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြညာချက်” မှာ လူအများအကြား အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အဆိုပါအသိပေးကြေညာချက်တွင် “ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်လက်ထိန်းချုပ်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ထိန်းချုပ်၊ကာကွယ်၊တားဆီးရေးအတွက် ၂၀၂၀ပြည့်နှစ် ဇွန်လ ၁၅ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း” ဖော်ပြခဲ့ပါသည်။

နောက်ထပ်အာရုံစိုက်စရာကောင်းသည့် ထုတ်ပြန်ချက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်ဖြစ်ပါသည်။ ယင်းထုတ်ပြန်ချက်တွင် Stay at Home အစီစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည့် မြို့နယ် ၁၁ မြို့နယ်မှ ငါးမြို့နယ်တွင် ရောဂါထိန်းချုပ်မှုအခြေနေ တိုးတက်လာသည်ကိုတွေ့ရှိသဖြင့် Stay at Home အစီစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့ပြီး ယခုအခါ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် တာမွေမြို့နယ်တို့ကို Stay at Home အစီစဉ်တွင် အကျုံးဝင်ခြင်းမှ ထပ်မံပယ်ဖျက်လိုက်ကြောင်း” ဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

မေနောက်ဆုံးပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအနက် “ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားသည့် တပ်မတော်သား လေးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း” ဇွန် ၁ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ အများပြည်သူအကြား လှုပ်ခတ်မှုဖြစ်စေခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သား ၁၈ဦးအား အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားလျက်ရှိပြီး ပထမအကြိမ် စစ်ဆေးခဲ့ရာ COVID-19  ရောဂါပိုး မတွေ့ရှိရကြောင်း”ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “မေလ ၃၀ ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် အဆိုပါ တပ်မတော်သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် အရပ်သား အမျိုးသား ကိုးဦး၊ အမျိုးသမီး ရှစ်ဦးတို့တွင် COVID-19  ရောဂါပိုး တွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းတပ်မတော်သားများအား ဒုတိယအကြိမ် စမ်းသပ် စစ်ဆေးရာ ဇွန်လ ၁ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြု ထုတ်ပြန်ချက်အရ  အရာရှိ၊ စစ်သည် ၁၈ ဦး အနက် လေးဦးတွင် COVID-19  ရောဂါပိုး တွေ့ရှိကြောင်း”နှင့် “ယင်းစစ်သည်တို့ကို တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း” သတင်းထုတ်ပြန်မှုမှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အဖွဲ့က မေ ၂၉ ရက် နံနက် ၂ နာရီခန့်တွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ မိသားစုဝင် ၃ ဦး (ကလေး ၁ ဦးအပါ)တို့ ပျောက်ဆုံးလျက်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ “သဇင်မြိုင်ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲ့အား လိုက်လံပိတ်ဆို့နှိမ်နင်းခဲ့ကြောင်း”ကို မေ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား မေ ၂၉ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲ့အား တပ်မတော်စစ်ကြောင်းများက လိုက်လံပိတ်ဆို့ ရှင်းလင်းစဉ် မေ ၃၀ ရက်တွင် သဇင်မြိုင်ရဲစခန်းအရောက်၌ AA အဖွဲ့က ယာယီနေရာယူထားသည့်တောင်ကုန်းကို တွေ့ရှိရသဖြင့် လက်နက်ကြီး ပစ်ကူရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ AA တပ်ဖွဲ့ဝင်များ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း”ဖော်ပြခဲ့ပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် “ပလက်ဝမြို့အနီး နေရာယူ၍ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် AA အဖွဲ့၏ အခိုင်အမာ ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအား သိမ်းပိုက်ရရှိကြောင်း”သတင်းထုတ်ပြန်ချက်ကိုလည်း မေ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တပ်မတော် တပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ နေရာများ၌ အခိုင်အမာနေရာယူ၍ ပလက်ဝဒေသနယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန်မြစ်ကူးတံတားနှင့် လမ်းဖောက်လုပ်ရေးစီမံကိန်း တို့အား နှောင့်ယှက်ခြိမ်းခြောက်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာခြေကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို မေ ၃၁ ရက် နံနက် ၈ နာရီခန့်တွင် တပ်မတော်မှ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် “AA အဖွဲ့ ထောင်ထားသည့် နင်းမိုင်းနင်းမိပေါက်ကွဲ၍ မြေပုံမြို့နယ်၊ တောင်ပြင်ကျေးရွာနေ ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း” မေ ၂၈ ရက်စွဲဖြင့် ကြေညာချက်၊ “AA အဖွဲ့ ထောင်ထားသည့် နင်းမိုင်း ၁ လုံးနင်းမိပေါက်ကွဲ၍ မင်းပြားမြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦး မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း” မေ ၂၉ရက်စွဲဖြင့် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

မေနောက်ဆုံးပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ KNU/ KNLA PC က မေ၂၆ ရက်စွဲဖြင့် “ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များအစည်းဝေး ထုတ်ပြန်ကြေညာချက်”မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အချက်လေးချက်ပါ အဆိုပါထုတ်ပြန်ချက်တွင် “လက်ရှိလစ်လပ်နေသော KNU/ KNLA PC ၏ ဥက္ကဋ္ဌနေရာအတွက် ခေါင်းဆောင်ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် အတည်ပြုချက်များ အောင်မြင်စွာ ချမှတ်နိုင်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “KNU/ KNLA PC သည် NCA စာချုပ် လက်မှတ်ထိုးထားပြီးဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာအဖွဲ့စည်းများ၊ တိုင်းရင်းသားညီနောင်အဖွဲ့အစည်းများနှင့် လက်တွဲပြီး NCA လမ်းကြောင်းအတိုင်း စိတ်ရင်းစေတနာမှန်ဖြင့် တက်ကြွစွာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

AA အဖွဲ့က မေ၂၇ ရက်စွဲဖြင့် “ တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သော ပလက်၀မြို့နယ်၊ မီးလက်ဝကျေးရွာ (အောက်ရွာ)နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” နှင့် မေ၂၉ ရက်စွဲဖြင့် “ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများနှင့် အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ရခိုင်ပြည်တွင်းမှ အမြန်ဆုံးထွက်ခွာရန် သတိပေးထုတ်ပြန်ချက်” နှစ်ခုထွက်ရှိခဲ့ပါသည်။

ထို့ပြင် ULA/AA, PSLF/TNLA, MNTJP/MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း “တဖက်သတ်အပစ်ခတ်ရပ်စဲခြင်းအား ဆဌမအကြိမ်အားဖြင့် သုံးလတာ ထပ်မံတိုးမြှင့်ပြီး တပ်မတော်အား နှစ်ဦးနှစ်ဖက်အပစ်ရပ်စဲရန် ကမ်းလှမ်းသည့် ထုတ်ပြန်ကြေညာချက်”ကို ဇွန် ၁ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

တိုင်းရင်းသား ပါတီ ၁၀ခု ကျော် ပါဝင်သည့် “စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) နှင့် မိတ်ဖက်အဖွဲ့စည်းများ၏ သဘောထားထုတ်ပြန်ချက်”ကို ဇွန် ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် ” ၂၀၂၀ ရွေးကောက်ပွဲအား ယခုနှစ်အတွင်း ကျင်းပမည် ဆိုပါက လွတ်လပ် တရားမျှတ ပွင့်လင်းစွာ ကျင်းပနိုင်ရေးကို အဓိကထား ဆောင်ရွက်ပေးရန်နှင့် အကယ်၍ ရက်ရွှေ့ဆိုင်းခြင်း(သို့မဟုတ်) လုပ်ထုံးလုပ်နည်း ပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲတွင် ပါဝင်မည့် ပါတီများ၏ သဘောတူညီချက် ရယူရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်း ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် မြန်မာပြည်အနှံ့ရှိ စစ်ဘေးဒုက္ခသည်များကို အကူအညီပေးနိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများသာမက အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်းနှင့် အချို့စစ်မက်ဒေသများတွင် အင်တာနက်ဖြတ်တောက်ထားမှုများ ပြန်လည်ဖွင့်လှစ်ပေးရန်” လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယင်းနောက် ” ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်နိုင်ရေးအပါအဝင် ဒီမိုကရေစီဖြစ်စဉ် ဆက်လက်တိုးတက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်တိုးတက်ရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်အား ရပ်စဲပြီး အခက်အခဲအကျပ်အတည်းများကို အတူတကွလက်တွဲကျော်လွှားနိုင်ရေး ပြင်ဆင်ကြပါရန် ” UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။