ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

Post By Nyein Ko Ko Soe, On December 11, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (ဒီဇင်ဘာ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တပ်မတော်နှင့် ULA/AA အဖွဲ့တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံ၍ ရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည့် သတင်းများက လွှမ်းမိုးနေပါသည်။

ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စရန် အပစ်ရပ် ၁၀ ဖွဲ့အား အစိုးရက ကမ်းလှမ်းခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာကုန်ပိုင်းတွင် တွေ့ဆုံနိုင်မည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်ပြောခွင့်ရပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာက ပြောဆိုခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ဒီဇင်ဘာ ၉ ရက်က တပ်မတော်နှင့် ULA/AA အဖွဲ့တို့ “၀” အဖွဲ့ (UWSP/UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် ဆွေးနွေးခဲ့မှုနှင့် ဆက်စပ်သည့် သတင်းများကို သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

VOA သတင်းဌာန၏ဖော်ပြမှုအရ တပ်မတော်နှင့် ULA/AA အဖွဲ့တို့မှ ကိုယ်စားလှယ်များသည် ပန်ဆန်းမြို့တွင် တနာရီကြာ တွေ့ဆုံ၍ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ထိုတွေ့ဆုံမှုမှာ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်တိုးရီက ဦးဆောင်ခဲ့ပြီး AA အဖွဲ့ကို ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

AA ပြောခွင့်ရ ခိုင်သုခက နှစ်ဖက်ကိုယ်စားလှယ်များသည် ပန်ဆန်းတွင် တနာရီကြာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရေးနှင့် အပစ်အခတ်ရပ်စဲရေးကို သေချာအောင်လုပ်ဆောင်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း VOA ကို ပြောကြားခဲ့သည်။

ထို့အပြင် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် အစိုးရတို့ ဒီဇင်ဘာကုန်ပိုင်းတွင် တွေ့ဆုံဖွယ်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်ပြောခွင့်ရပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရပါသည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဖြစ်သော ULA/AA ၊ KIO/KIA၊ PSLF/TNLA ၊ MNTJP/MNDAA အဖွဲ့တို့သည် ၂၀၁၉ ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် နောက်ဆုံးတွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တရုတ်နှစ်သစ်ကူး၊ ကိုဗစ်-၁၉ တို့ကြောင့် ယခုအချိန်ထိ ထပ်မံမတွေ့ဆုံနိုင်သေးခြင်း ဖြစ်သည်။

ဆက်စပ်သတင်းတရပ်မှာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အလုပ်ဖြစ်စေရန်အတွက် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က အတူတကွဆွေးနွေးမည်ဆိုသည့် မူဝါဒကို ဖြေလျှော့၍ တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုများ လုပ်ဆောင်မည်ဆိုသော ဒီဇင်ဘာ ၇ ရက် ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

ယခင်က မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့သည် တဖွဲ့ချင်းစီ မဆွေးနွေးဘဲ အတူတကွပူးပေါင်းဆွေးနွေးမည် ဟု ဆုံးဖြတ်ထားသော်လည်း မြေပြင်စစ်ရေးအခြေအနေ မတူ၍ လေးဖွဲ့အတူ တွေ့ဆုံရန် ခဲယဉ်းခြင်းကြောင့် လေးဖွဲ့အကြား ချမှတ်ထားသည့် မူဝါဒသဘောထားအတိုင်း တစ်ဖွဲ့ချင်းစီက ဆွေးနွေးမည်ဆိုပါက ဆွေးနွေး၍ ရကြောင်း သဘောထားချမှတ်ခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က 7 Day ကို ပြောကြားခဲ့သည်။

အခြားသတင်းတပုဒ်မှာ အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ ဒီဇင်ဘာ ၇ ရက်က အွန်လိုင်းမှ တွေ့ဆုံမှုတွင် NCA လက်မှတ်ထိုးရေး ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေက 7 Day Daily သတင်းစာကို ပြောကြားခဲ့သော သတင်းဖြစ်ပါသည်။

အစိုးရနှင့် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ဖြစ်သော KNPP မှ ကိုယ်စားလှယ်များသည် အွန်လိုင်းမှ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် သဘောထားရယူညှိနှိုင်းခဲ့ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က သတင်းထုတ်ပြန်ထားပါသည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဒီဇင်ဘာ ၉ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ်များသည် လေးရက်ကြာ တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရပါသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ်များသည် နေပြည်တော် NRPC ၌ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် နိုင်ငံရေးမူဘောင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ အစိုးရအစုအဖွဲ့အတွင်း ညှိနှိုင်းဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

အခြားသတင်းတပုဒ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အစိုးရဘက်က ကမ်းလှမ်းထားကြောင်း မြန်မာတိုင်းမ်သတင်းဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် ဩဂုတ်ကတည်းက ရပ်ဆိုင်းထားရသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြန်မြန်ပြန်စရန် အစိုးရက ဆန္ဒရှိသည့်အတွက် ယခုကဲ့သို့ ကမ်းလှမ်းခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက မြန်မာတိုင်းမ်ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ပထမပတ်အတွင်း သက်ဆိုင်ရာအင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။