တိုက်ပွဲဖြစ်ပွားမှုများ(မေ စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On May 26, 2020

တိုက်ပွဲဖြစ်ပွားမှုများ(မေ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် မေ ၂၀ ရက်မှ ၂၆ ရက်အထိ (မေ စတုတ္ထပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မြောက်ဦး၊ ကျောက်တော်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတို့တွင် တိုက်ပွဲ ငါးကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့ အကြား မေ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်ပလက်ဝဒေသတို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် KNU အဖွဲ့တို့ ကရင် ပြည်နယ် ကမမောင်းမြို့နယ်ခွဲတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ယခုရက်သတ္တပတ်အတွင်း မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း VOA သတင်းဌာနက မေ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာနဲ့ လက်ကာကျေးရွာအနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အထိအခိုက်အကျအဆုံးများခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြခဲ့ပြီး ရခိုင် (မြောက်ပိုင်း) ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပိုပြင်းထန်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက VOA သို့ ပြောကြားခဲ့သည်။

ထို့ပြင် မေ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲအုပ်စု ကံသစ်ကျေးရွာအနီးတွင် ဒေသခံ ရွာသားနှစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားခဲ့ကြောင်း RFA သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ထင်းခုတ်သွားသော ရွာသားတဦး မိုင်းနင်းမိ၍ အခြားရွာသားများက ကယ်ဆယ်ရန် သွားရာမှ မိုင်းထပ်နင်းမိပြီး တဦး ထပ်မံ ထိခိုက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်းဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ကံသစ်ကျေးရွာလူကြီးတစ်ဦး ဖြစ်သော ဦးကျန်ထွန်းအောင်က RFA သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်သံများ နေ့စဉ်ကြားနေရပြီး မေ ၂၄ ရက် ညနေပိုင်းက ကုလားတန်မြစ်အရှေ့ခြမ်းရှိ ရေတံခွန်တောင်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ နိရဉ္ဇရာသတင်းဌာနက မေ ၂၅ ရက်တွင် သတင်း ဖော်ပြခဲ့သည်။

မေ ၂၅ ရက်နေ့လယ်ပိုင်းတွင် ပလက်ဝမြို့ ရိက္ခာရပ်ကွက်ရှိ နေအိမ်တအိမ်၏ ခြံအတွင်းသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း အဆိုပါနိရဉ္ဇရာသတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝ (ချင်းရွာ)တွင် မေ ၂၆ ရက် နေ့လည်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါကျေးရွာမှ ဒေသခံများမှာ တပ်မတော်နှင့် AA အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် မတ် ၈ ရက်မှစ၍ ရွာလုံးကျွတ် ထွက်ပြေးလာပြီး အိမ်များသာ ကျန်ရစ်ခဲ့သည့် ရွာဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားပါသည်။

မီးလောင်မှုဖြစ်ခဲ့သည့် အောက်မီးလက်ဝကျေးရွာသို့ မီးငြိမ်းရန် လှေဖြင့်သွားခဲ့သော ပလက်ဝမြို့ဘက်မှ ဒေသခံများမှာလည်း တဖက်ကမ်းမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခံရသဖြင့် ပြန်လှည့်လာရသည်ဟု ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ ကျေးရွာမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့တို့က အပြန်အလှန်စွပ်စွဲ ပြောဆိုခဲ့ကြကြောင်း အဆိုပါဧရာဝတီသတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တပ်မတော်တို့ အကြား စစ်ရေးတင်းမာမှုရှိနေပြီး မေ ၂၀ ရက်က ကမမောင်းမြို့နယ်ခွဲတွင် ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့၍ တပ်မတော်မှ တဦး ကျဆုံးခဲ့ကြောင်း DVB သတင်းဌာနက မေ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ကမမောင်းမြို့နယ်ခွဲ ဝါးသိုးခိုနဲ့ ဝါးဒူးကျေးရွာအနီးမှာ မေ ၂၀ ရက်မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် တပ်မတော် ခမရ ၄၀၅ နှင့် KNU တို့ မိနစ်အနည်းစီ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း DVB သတင်းတွင် ပါရှိခဲ့သည်။ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID- 19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုရှိနေပြီး မကြာခဏပစ်ခတ်မှု ဖြစ်ပွားနေ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း DVB သတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ စတုတ္ထပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။