ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On February 14, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ( ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးပွဲ ထပ်မံရွှေ့ဆိုင်းရနိုင်မှု၊ KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းမှာ လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့မှုတို့မှာ ယခုရက် သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် NCA လက်မှတ်ထိုးရန် ကျန်နေသေးသော လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးနိုင်ရေး ကူညီကြရန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ခြင်းနှင့် ၂၁ ရာစု ပင်လုံ ညီလာခံကို ဧပြီထက်နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များ၏ ရှမ်းအမျိုးသားနေ့ လွယ်တိုင်းလျန်းခရီးစဉ်တွင် ထပ်မံအတည်ပြုခဲ့ခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့ဆွေးနွေးပွဲကို ထပ်မံရွှေ့ဆိုင်းရနိုင်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာအကြောင်းအရာတခု ဖြစ်ခဲ့ပါသည်။

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားခြင်းဖြစ်သည်။ သို့ရာတွင် တရုတ်နှစ်သစ်ကူးကာလကြောင့် ဖေဖော်ဝါရီဒုတိယပတ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး ယခုအခါကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ဆွေးနွေးပွဲကို တရုတ်နိုင်ငံတွင် ပြုလုပ်ရန် ခက်ခဲနေခြင်းဖြစ်ပါသည်။

နောက်ထပ်အာရုံစိုက်စရာသတင်းတပုဒ်မှာ NCA လက်မှတ်ထိုးရန် ကျန်နေသေးသော လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးနိုင်ရေး ကူညီကြရန် တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးများကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်း ခဲ့သောသတင်း ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအား သမ္မတ ဦးဝင်းမြင့်က တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း လက်မှတ်မထိုးရသေးသည့်အဖွဲ့များကျန်ရှိနေသေးသည့်အချို့ဒေသ များတွင် တိုက်ပွဲများဖြစ်နေဆဲဖြစ်၍ ကျန်နေသေးသည့်အဖွဲ့များ NCA လက်မှတ်ရေးထိုးနိုင်ရေး၊ တိုက်ပွဲများရပ်တန့်ရေးတို့တွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက ကူညီကြရန် ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ ထိန်းချုပ်ဒေသအတွင်းသို့ တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ လက်တုံ့ပြန်ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့မှုမှာ ဖေဖော် ဝါရီဒုတိယပတ်အတွင်း သတိပြုစရာသတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

KNU ဘက်မှ တပ်မတော်စခန်းများကို မိုင်းထောင်ခြင်း၊ လာရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့၍ တပ်မတော်က လက်နက်ကြီးတချို့ ပစ်ခတ်ပြီး လက်တုန့်ပြန်ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ KNU တပ်မဟာ ၅ ဘက်မှ တပ်မတော်သို့ ဖေဖော်ဝါရီ ၉ ရက်က ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရသည်။ တပ်မတော်က လမ်းဖောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)အဖွဲ့အကြား တင်းမာမှုများဖြစ်ပေါ်နေပြီး ဇန်နဝါရီအစပိုင်းက ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သလို ဇန်နဝါရီ ၂၇ ရက်ကလည်း ဖာပွန်မြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံကို ဧပြီထက် နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များက ရှမ်းအမျိုးသားနေ့လွယ်တိုင်းလျန်းခရီးစဉ်အတွင်း ထပ်မံအတည်ပြုခဲ့မှုမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်သည့် တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ ယင်းခရီးစဉ်တွင် ငြိမ်းချမ်းရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြရာ ၂၁ ရာစု ပင်လုံ ညီလာခံကို ဧပြီထက် နောက်မကျဘဲ ကျင်းပရန် ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့ပါသည်။

အဆိုပါ ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မိန့်ခွန်ပြောကြားရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန်နှင့် နိုင်ငံရေးကို စစ်အင်အားဖြင့် တိုက်ပြီး ဖြေရှင်းခြင်းကို ပြောင်းလဲရန် ထည့်သွင်းပြောကြားခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာ တွင်လည်း လက်နက် ကိုင်တောင်းဆိုခြင်းသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီကြောင်း၊ လိုလားချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးအဖြေရှာရန် နိုင်ငံတော်က ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့် အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။