ထုတ်ပြန်ကြေညာချက်များ (မေ စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On May 26, 2020

ထုတ်ပြန်ကြေညာချက်များ (မေ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် မေ ၁၉ ရက်မှ ၂၅ ရက်အထိ (မေ စတုတ္ထပတ်) ကာလအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှ တခု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ နှစ်ခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လေးခု အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေ ၁၈ ရက်စွဲဖြင့် “ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကြေညာခြင်း” ထုတ်ပြန်ချက်မှာ အများပြည်သူအကြား လှုပ်ခတ်မှုဖြစ်စေခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဒေါက်တာအေးမောင်သည် ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁)နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) တို့အရ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် စစ်တွေ ခရိုင်တရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်ခဲ့သော်လည်း စစ်တွေခရိုင်တရားရုံး ၏အမိန့်ကို အတည်ပြုခဲ့သဖြင့် တည်ဆဲဥပဒေအရ ထောင်ဒဏ်ကျခံရသူ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်”ဟု ဦးစွာဖော်ပြခဲ့သည်။

“သို့ဖြစ်၍ ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် စစ်တွေခရိုင်တရားရုံးမှ စီရင်ချက်ချမှတ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း”ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့သည်။

ယင်းနောက် “ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်းခံရသော ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ ယနေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ကြေညာအပ်သည်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

မေ စတုတ္ထပတ်အတွင်း ထွက်ရှိခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် မေ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “KNU တပ်မဟာ(၅)အဖွဲ့များ၏ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံရွာသူ၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း” ထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ KNU တပ်မဟာ(၅) အဖွဲ့များက လူသစ်စုဆောင်းမှုများ ဆောင်ရွက်လာသဖြင့် မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ကျေးရွာသူ၊ ကျေးရွာသား ၁၂၈ ဦးသည် ကမမောင်းမြို့နှင့် လှိုင်းဘွဲ့ မြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသများအတွင်းရှိ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “KNU အဖွဲ့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ တဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ လူသစ် စုဆောင်းမှုများဆောင်ရွက်ခြင်းသည် NCA စာချုပ်ပါ အချက်များကို ဖောက်ဖျက်ခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာမှတဆင့် သတိပေးတားမြစ်ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ “KIO/KIA အဖွဲ့အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း” မေ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်မှုမှာ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ KIO/KIA အဖွဲ့အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူဖြစ်စေရန် တပ်မတော်မှ လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် တာဝန်ရှိသူများက လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ရာ KIO/KIA အဖွဲ့ ဒုတိယဥက္ကဋ္ဌဦးအက်စ်ဂွမ်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း” ဖော်ပြခဲ့သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “တပ်မတော်က KNU အဖွဲ့၊ KNU/ KNLA(PC) အဖွဲ့၊ KKO အဖွဲ့၊ SSPP/ SSAအဖွဲ့၊ KNPP အဖွဲ့တို့အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း”လည်း မေ ၂၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ပြီး “AA အဖွဲ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနှင့် မာလာကျေးရွာ(မြို)တို့မှ ရာအိမ်မှူး တာဝန်ထမ်းဆောင်နေသူများအပါအဝင် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း” မေ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ “(၆၂)နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”ကို မေ ၂၁ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ပြည့်နှစ် မေ ၂၁ ရက်တွင် ကျင်းပမည့် (၆၂)နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို COVID- 19 ရောဂါကြောင့် ကျင်းပနိုင်မည်မဟုတ်သော်လည်း အမျိုးသားရေးနှင့် တိုင်းပြည်အတွက် ပေးခဲ့ကြသည့် သူရဲကောင်းများအတွက် ရည်စူးအလှူ ပြုလုပ်ခြင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရသူ များကို ဆုချီးမြင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် COVID- 19 ကူးစပ်ရောဂါ ပျံ့နှံ့နေ ချိန်တွင် RCSS/SSA က ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များအတွက် ကာကွယ်တားဆီးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ကလည်း “PNLO/PNLA ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် PNLO/ PNLA ၏ သတင်းထုတ်ပြန်မှုများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် သတင်းနှင့် ပြန်ကြားရေးဌာန (PNLO- info) တခုတည်းအား တာဝန်ပေးအပ်ထားကြောင်း” မေ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

မေ ၂၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် မန်လီကျေးရွာတွင် နေထိုင်သော သားအဖနှစ်ဦးအား လက်နက်ကိုင်အချို့က ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ကူကီး လူငယ်ကွန်ယက်မှ “ဒေသခံလူငယ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် ထုတ်ပြန်ကြေညာချက်” ကို မေ ၂၃ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းမြို့နယ် မန်လီကျေးရွာတွင် နေထိုင်သည့် သားအဖနှစ်ယောက်အား ရှမ်းနီလက်နက်ကိုင်ဟု ခန့်မှန်းရသူ လူငါးဦးအဖွဲ့က ပစ်ခတ်မှုသည် တိုင်းရင်းသား အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို ပျက်ပြားစေသည့်အပြင် ဒေသတွင်းငြိမ်းချမ်းမှုကိုလည်း ထိခိုက်စေနိုင်သောကြောင့် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှုကို ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရှမ်းနီလက်နက်ကိုင်အဖွဲ့(SNA)အနေဖြင့် ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ပြီး တရားဥပဒေအရ တပ်မတော်နှင့် သက်ဆိုင်ရာအာဏာပိုင်အစိုးရကလည်း ထိထိရောက်ရောက် အရေးယူပေးရန် ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း” ကူကီးလူငယ်ကွန်ယက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

နိုင်ငံတကာကရင်အဖွဲ့အစည်း(IKO) မှ “KNU နယ်မြေအတွင်း KNLA နှင့် တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” ကို မေ ၂၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သကဲ့သို့ ကချင်အမျိုးသားအစည်းအရုံး(KNO) မှလည်း “တပ်မတော်မှ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအား မတရားကျူးလွန်မှုများပြုလုပ်နေခြင်းအပေါ် သဘောထားထုတ်ပြန်ကြေညာချက်”ကို မေ ၁၉ရက်စွဲဖြင့် အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ စတုတ္ထပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။