ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ တတိယပတ်)

Post By Nyein Ko Ko Soe, On February 21, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ( ဖေဖော်ဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း၊ လမ်း ဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့အကြား ပြေလည်မှု မရခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲကို သတ်မှတ်ချိန်အတွင်း မကျင်းပနိုင်ခဲ့မှု၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စာသင်ကျောင်းများသို့ လက်နက်ကြီးကျည်ကျ၍ ထိခိုက်ဒဏ်ရာရမှုများ ရှိနေခြင်းကြောင့် စာသင်ကျောင်းဧရိယာအနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီးက မေတ္တာရပ်ခံခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ပြီး လက်ရှိ အစိုးရလက်ထက်တွင် ရေးထိုးနိုင်ရေး မျှော်လင့်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုက 7 Day Daily သတင်းစာသို့ ပြောကြားခဲ့မှုမှာ ယခု ရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာအကြောင်းအရာတခု ဖြစ်ခဲ့သည်။

NCA လက်မှတ်ရေးထိုးမည့်ကိစ္စကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်ထိ ကျင်းပခဲ့သော SSPP ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဟု သိရပါသည်။ ထို့ပြင် SSPP အနေဖြင့် ၎င်း ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့စလုံး NCA တွင် ပါဝင်လာနိုင်ရန်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောကြားခဲ့သည်။

နောက်ထပ်အာရုံစိုက်စရာသတင်းတပုဒ်မှာ ယခုလလယ်တွင် ကျင်းပရန် စီစဉ်ထားသည့် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဖြစ်သည့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့ဆွေးနွေးပွဲကို သတ်မှတ်ချိန်အတွင်း မကျင်းပနိုင်ခဲ့သော သတင်းဖြစ်ပါသည်။

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့ တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားခြင်းဖြစ်သည်။ သို့ရာတွင် တရုတ်နှစ်သစ်ကူးကာလကြောင့် ဖေဖော်ဝါရီဒုတိယပတ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး ယခုအခါ သတ်မှတ်ချိန်အတွင်း မကျင်းပနိုင်သကဲ့သို့ ယခုအချိန်အထိ နှစ်ဖက်ဆက်သွယ်မှုလည်း မရှိကြောင်း သိရပါသည်။

စာသင်ကျောင်းဧရိယာအနီး စစ်မတိုက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့ခြင်းမှာလည်း ယခုရက်သတ္တပတ်အတွင်း သတိပြုစရာအကြောင်းအရာတခု ဖြစ်ခဲ့ပါသည်။ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စာသင်ကျောင်းများသို့ လက်နက်ကြီးကျည်ကျ၍ ထိခိုက်ဒဏ်ရာရမှုများ ရှိနေခြင်းကြောင့် ပညာရေးဒုဝန်ကြီးက ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင် လုံခြုံရေး အထူးဂရုပြုဆောင် ရွက်သွားမည်ဖြစ်ပြီး ကျောင်းသားတိုင်း စာမေးပွဲဖြေခွင့်ရရှိရေး ကြိုးပမ်းလုပ်ဆောင်မည်ဟု ဒုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

စစ်ရေးတင်းမာမှု ရှိနေသည့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)အဖွဲ့အကြား တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၁၉ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော်လည်း လမ်းဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ ပြေလည်မှုမရခဲ့မှုမှာ အာရုံစိုက်စရာသတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တပ်မတော်ရှေ့စခန်းများသို့ ရိက္ခာပို့ဆောင်ရန် KNU က ခွင့်ပြုသော်လည်း လမ်းဖောက်လုပ်ရေးကိစ္စအတွက်ကိုမူ ပြေလည်မှုမရ၍ နှစ်ဖက်ဆက်လက်ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း သိရပါသည်။ KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်က လမ်းဖောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU အဖွဲ့ အကြား ဇန်နဝါရီအစပိုင်းက ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပေါ်ခဲ့သလို ဇန်နဝါရီ ၂၇ ရက်ကလည်း ဖာပွန်မြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့သည်။

အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ကိုယ်စားလှယ်များ၏ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံကို သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာတရားဝင်အစည်းအဝေးများ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေးစသည့် ဘုံသဘောတူညီချက် (၈)ချက် ရရှိခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ကိုယ်စားလှယ်များသည် မတ်လအတွင်း ထပ်မံတွေ့ဆုံရန် ညှိနှိုင်းခဲ့ကြကြောင်းလည်း နှစ်ဖက်တာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။

ထို့ပြင် ယခုဆွေးနွေးမှုများအတွင်း ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ ကျင်းပရမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့အကြား လမ်းကြောင်း ပွင့်သွားပြီဖြစ်ကြောင်းလည်း NCA လက်မှတ်ထိုးအဖွဲ့များ၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ RCSS အဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့မှုမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ NCA လက်မှတ်ထိုးအဖွဲ့များအနေဖြင့် ရှမ်း၊ ရခိုင်စသည့် ဒေသများတွင် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပခွင့်ရရှိရန် အစိုးရကို တောင်းဆိုထားခြင်းဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ တတိယပတ်အတွင်း သက်ဆိုင်ရာအင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့် အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။