တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On December 30, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် RCSS/SSA အဖွဲ့နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ၍ အရပ်သား ရာနှင့် ချီ တိမ်းရှောင်နေရပါသည်။ အလားတူ နမ့်ဆန်မြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထို့အပြင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တပ်မတော် နှင့် KNU တပ်မဟာ(၁)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

 

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာလ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းအဖွဲ့(PSLF/TNLA) တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှု ရှိလာခဲ့ကြောင်း 7 Day သတင်းဌာနက ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်ထုတ် 7 Day သတင်းတွင် ဖော်ပြမှုအရ လွယ်အံကျေးရွာအုပ်စုတွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှစ၍ ထိုကျေးရွာအုပ်စု ရှိ ကျေးရွာခြောက်ရွာမှ ဒေသခံ ၈၀၀ ခန့် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကြားညှပ်၍ အရပ်သား တဦး သေဆုံး၊ တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

တိုက်ပွဲနှင့်ပတ်သက်၍ RCSS နှင့် TNLA အဖွဲ့များက တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်နေကြပြီးနောက် ရက်များအတွင်း တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း 7 Day သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ထို့အပြင် ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း နမ့်ဆန်မြို့နယ် လမ်းလုံကျေးရွာအနီးတွင် တောအတွင်း ထင်းခွေသွားသော အရပ်သားသုံးဦး မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်ထုတ် 7 Day သတင်းတွင် ဖော်ပြခဲ့ပါသည်။ ထိုဖြစ်စဉ်တွင် ခြေထောက်နှင့် ခန္ဓာကိုယ်တို့ မိုင်းစထိမှန်ဒဏ်ရာရခဲ့သည့် သက်လတ်ပိုင်း အမျိုးသားသုံးဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များက 7 Day ကို ပြောကြားခဲ့သည်။

 

မွန်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ ၅ အကြား စစ်ရေးတင်းမာနေသည့် အချိန်နှင့် တပြိုင်နက် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင်လည်း တပ်မတော်နှင့် KNU တပ်မဟာ(၁)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

VOA သတင်းဌာန၏ ဖော်ပြမှုအရ ဒီဇင်ဘာ ၂၉ ရက်က KNU တပ်မဟာ(၁)နယ်မြေ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၁) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ KNLA ဖာပွန်ခရိုင် တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက VOA ကို အတည်ပြုခဲ့ပြီး တိုက်ပွဲများ ဆက်ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။