ထုတ်ပြန်ကြေညာချက်များ (မတ်လ တတိယပတ်)

Post By Pan Su Wai, On March 24, 2020

ထုတ်ပြန်ကြေညာချက်များ (မတ်လ တတိယပတ်)

၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ရက်မှ ၂၄ရက်အထိ (မတ်လ တတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း  ၁၇ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၁ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

မတ် တတိယပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များအနက် “ULA/AA အဖွဲ့အား မတရားအသင်းအဖြစ်ကြေညာခြင်း “ ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၂၃ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော အဆိုပါကြေညာချက်တွင် ” United League of Arakan (ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲ့ နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့၏ လက်အောက်ခံ အဖွဲ့၊ ယင်းအဖွဲ့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့်လုပ်ရပ်များသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို လည်းကောင်း၊ နိုင်ငံတော်‌တည်ငြိမ် အေးချမ်းရေး ကို လည်းကောင်း၊ အများပြည်သူတို့၏ အေးချမ်း သာယာရေးကိုလည်းကောင်း အနှောင့်အယှက် အန္တရာယ် ဖြစ်စေသည်ဟု ယုံကြည်ယူဆကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

“သို့ဖြစ်သော‌ကြောင့် နိုင်ငံတော်သမ္မတက မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၆အရ အထက်ဖော်ပြပါအဖွဲ့နှင့် ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့များအား မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ(၂)ပါ အဓိပ္ပာယ်ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ်ကြေညာကြောင်း” ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “ရခိုင်ပြည်နယ်အတွင်းရှိ ထိခိုက်ခံ ဒေသများသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးအပ်သွားရေးအတွက် အစိုးရမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် “၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်း မှစတင်၍ လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေရန်နှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်များမှ အကူအညီများသွားရောက် ပေးအပ်နိုင်ရန် စီစဉ်ပေးရာ၌ စိန်ခေါ် မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ မကြာသေးမီက သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ ပြီးနောက် အစိုးရအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ရခိုင်ပြည်နယ်အတွင်း အစိုးရ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် အကူအညီများပေးအပ်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လုပ်ငန်းဆောင်ရွက်ခွင့်များ တိုးမြှင့်ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။ ယင်းနောက် “အစိုးရအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရေးနှင့် အရပ်သားများ ထိခိုက် သေကြေမှုများမှ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့် အစီအမံများ အားလုံးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD မှ “ပလက်ဝတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများနဲ့ ပျက်စီးမှုအားလုံးအတွက် တပ်မတော်က လျော်ကြေးပေးရန်နှင့် တောင်းပန်ရန်” ဟူသော ထုတ်ပြန်ချက်တခု မတ် ၁၇ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ မိတ်စာ၀ကျေးရွာ သုံးရွာ၊ ဝက်မကျေးရွာနှင့် ပြိုင်တင်ကျေးရွာ တို့တွင် မြန်မာ့တပ်မတော်က လေကြောင်းမှ မဆင်မ‌ခြင်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ဦး သေဆုံးခြင်း၊ ၂၇ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခြင်း၊ လူနေအိမ်များစွာ မီးလောင်ပျက်စီးခြင်း အပေါ်  ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “တပ်မတော်အနေဖြင့် အဆိုပါကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို စစ်ဆေးအရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှု အားလုံးအတွက် တာဝန်ယူလျော်ကြေးပေးရန်၊ ထိခိုက်နစ်နာသူများအား တရားဝင်တောင်းပန်ရန်နှင့် တပ်မတော်နှင့် AA အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုးကြရန် အလေးအနက်တိုက်တွန်းကြောင်း” CNLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

“ချင်းအမျိုးသားတပ်ဦး CNF၏ သတ္တမအကြိမ် ညီလာခံ ထုတ်ပြန်ကြေညာချက်” မတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အချက် ခုနစ်ချက်ပါ အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ မှ ၁၉ရက်အထိ ဝိတိုရိယ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည့် ညီလာခံတွင် CNF၏ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်အဖြစ် “ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြန်လည်ရရှိရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အ၀ရှိပြီး နိုင်ငံရေးတန်းတူမှု ရှိသော  အမျိုးသားပြည်နယ်များနှင့် ပထဝီအခြေခံပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး နှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေး” တို့ကိုဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး CNF၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်အဖြစ် “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစု ပင်လုံအစည်းအဝေးများ၏ အစုအဖွဲ့အသီးသီးတွင် ပါဝင်ကြသော ချင်းအမျိုးသားများအနေ ဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ၂၁ရာစု ပင်လုံအစည်းအဝေးများသို့ တင်သွင်း မည့်အဆိုပြုလွှာများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားများ၏နိုင်ငံရေး ဘုံသဘောထားရရှိနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပြည်သူလူထုထံသို့ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေးနှင့် အဆိုပြုချက်များရယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။ ယင်းနောက် “တပ်မတော်နှင့် AA အနေဖြင့် ချင်းအမျိုးသားပိုင်နက် နယ်မြေအတွင်း တိုက်ပွဲများချက်ချင်းရပ်တန့်ရန် နှင့် AA အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် စစ်ရေးအရအခြေချ လှုပ်ရှား နေထိုင်ခြင်း လုံး၀မပြုရန် တောင်းဆိုကြောင်း” CNF၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

“ကရင်နီပြည်လူမျိုးစု လူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်ကြေညာချက်” ကို မတ် ၁၈ရက်စွဲ ဖြင့် ကရင်နီပြည်လူမျိုးစု လူငယ်ကော်မတီက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ကရင်နီပြည်လူမျိုးစု လူငယ်ထုမှ ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများကိုဝန်းရံသွားမည်”ဖြစ်ကြောင်း”၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဆက်လက်ပါဝင်လုပ် ဆောင် သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ AA အဖွဲ့က မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေး ကျောင်းအား အင်အားသုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှပြင်းထန်စွာ တန်ပြန်တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း” မတ် ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “AA တပ်ဖွဲ့ဝင်များက မင်းပြားမြို့နယ် နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “AA တပ်ဖွဲ့ဝင်များက အဆိုပါတန်းမြင့်လေ့ကျင့်ရေးကျောင်းအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း ကျောင်းဌာနချုပ်အနေဖြင့်တပ်ပတ်လည်ခံစစ်ဖြင့် စနစ်တကျ ပစ်ကူ၊ ပစ်အားသုံး တန်ပြန်တိုက်ခိုက်မှုကြောင့်သောင်းကျန်းသူတို့မှာ ထိခိုက်/ကျဆုံး များဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း” တပ်မတော်၏ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပါသည်။ ယင်း သတင်းထုတ်ပြန်ချက်ကို AA အဖွဲ့မှ ပြန်လည်ငြင်းဆန်ခဲ့ပါသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မတ် ၁၉ ရက်စွဲဖြင့်  “မီးဝစခန်းအား ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထား သည့်  AAတပ်ဖွဲ့ဝင်များ  အကျဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးကာ ၎င်းတို့၏ ပလက်ဝဒေသ ဖြတ်တောက်ပိတ်ဆို့ရေး ရည်မှန်းချက်ကို တပ်မတော်က ရိုက်ချိုးနိုင်ခဲ့ ကြောင်း” သတင်းထုတ်ပြန်ထားပါသည်။

၂၀၂၀ ပြည့်နှစ် မတ်လ တတိယပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။