ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On July 3, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ (ဇွန် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပရန် အစိုးရမှ အဆိုပြုထားသည့် နည်းလမ်းနှစ်ရပ်စလုံးတွင် အခက်အခဲများရှိကြောင်း မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က တုံ့ပြန်ခဲ့ခြင်း၊ ၂၁ ရာစုပင်လုံညီလာခံသို့ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များအား ဖိတ်ကြားရန် အပစ်ရပ် ၁၀ ဖွဲ့က အစိုးရထံ အဆိုပြုခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ထို့ပြင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အကြား တိုက်ပွဲများ မဖြစ်ပွားရေး နှစ်ဖက်တပ် လှုပ်ရှားမှုများကို အပြန်အလှန် ညှိနှိုင်း နားလည်မှု ရယူရန်လိုအပ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူရှိသူက ပြောကြားခဲ့မှု၊ COVID-19 ကာလအတွင်း ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် PSLF/TNLA အဖွဲ့၊ KIO/KIA အဖွဲ့၊ MNTJP/ MNDAA အဖွဲ့တို့၏ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က အစိုးရ အဆိုပြုထားသည့် အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပရေး နည်းလမ်းနှစ်ရပ်စလုံးတွင် အခက်အခဲများရှိကြောင်း တုံ့ပြန်ပြောကြားမှုကို ဖော်ပြခဲ့သည့် ဇူလိုင် ၁ ရက်ထုတ် 7 Day Daily သတင်းစာပါ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ကိုဗစ်ကာလအတွင်း အွန်လိုင်းမှ ဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ၏ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ PSLF/TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရခိုင်တွင် စစ်ရေးတင်းမာမှုများကြောင့် အွန်လိုင်းမှ ဆွေးနွေးမှု ပြုလုပ်ရန် အဆင်မပြေကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

အလားတူ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း တနေရာတွင် စုဆွေးနွေးရန်မှာလည်း ကိုဗစ်ကာလအတွင်း အခက်အခဲရှိကြောင်းနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် လမ်းစရှာနေဆဲဖြစ်ကြောင်း 7 Day သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

နောက်ထပ်စိတ်ဝင်စားစရာ သတင်းတပုဒ်မှာ KIO/KIA အဖွဲ့က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကာလ စည်းကမ်းချက်များ လိုက်နာရန်ရက်ကို ဇူလိုင် ၁၅ ရက်ထိ တိုးမြှင့်လိုက်ကြောင်း 7 Day Daily သတင်းစာက ဇူလိုင် ၁ ရက်တွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကာလ စည်းကမ်းချက်များ လိုက်နာရန်ရက်ကို ယခုကဲ့သို့ တိုးမြှင့်လိုက်သော်လည်း ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုနှင့် ဈေးများ ပိတ်ထားခြင်းကို ပြန်လည်ဖြေလျှော့သွားမည်ဖြစ်ကြောင်း KIO ဗဟို COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီအတွင်းရေးမှူး ဦးဟိမ်းဝမ်က ပြောဆိုခဲ့သည်ဟု အဆိုပါ 7 Day သတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားဖြစ်ခဲ့သော သတင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ –၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား ဖိတ်ကြားရန် NCA လက်မှတ်ထိုး ၁၀ ဖွဲ့က အစိုးရထံ အဆိုပြုထားကြောင်း ဇွန် ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ညီလာခံသို့ ဖိတ်ကြားနိုင်ရေးကို NCA လက်မှတ်ထိုး အဖွဲ့များနှင့် အစိုးရတို့ ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပြီး ဆွေးနွေးမှုများ မပြီးပြတ်သေးကြောင်း ပအိုဝ်းအဖွဲ့ (PNLO/PNLA) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက 7 Day သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

၂၁ ရာစုပင်လုံညီလာခံကို ဩဂုတ် ဒုတိယပတ်အတွင်းကျင်းပရန် အစိုးရနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့၏ အလုပ်အဖွဲ့ညှိနှိုင်းဆွေး နွေးမှုတွင် သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) ၌ ရက်အတိအကျ သတ်မှတ်အတည်ပြုမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် COVID-19 ကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သည့် ညီလာခံကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို ဇွန် ၃၀ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း 7 Day Daily သတင်းစာက ဇူလိုင် ၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက COVID-19 ရောဂါသည် ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း နှောင့်နှေးမှု ဖြစ်စေခဲ့ကြောင်း၊ ယင်းရောဂါ မဖြစ်ပွားခဲ့ပါက ညီလာခံကို သုံးလခန့်စော၍ ကျင်းပနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားပါသည်။

နောက်ထပ် သတိပြုစရာသတင်းတပုဒ်မှာ တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ မဖြစ်ပွားရေးအတွက် နှစ်ဖက်တပ် လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် အပြန်အလှန် ညှိနှိုင်းနားလည်မှု ရယူရန် လိုအပ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောကြားခဲ့သည့် ဇွန် ၃၀ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းဖြစ်ပါသည်။

NCA လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့နှင့် တပ်မတော်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်တပ် လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် အပြန်အလှန် ညှိနှိုင်းနားလည်မှု ရယူရန် လိုအပ်ကြောင်းနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပါက ယုံကြည်မှုကို ထိခိုက်နိုင်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက 7 Day သတင်းစာကို ပြောကြားခဲ့ပါသည်။

တပ်မတော်နှင့် RCSS/SSA အဖွဲ့အကြား ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးများ ရှိသကဲ့သို့ ဒေသခံရာနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း 7 Day သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။