တိုက်ပွဲဖြစ်ပွားမှုများ (ဇွန် တတိယပတ်)

Post By Nyein Ko Ko Soe, On June 24, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဇွန် တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်၏ အပစ်ရပ်ကြေညာထားမှုတွင် ပါဝင်သည့် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့တို့အကြား ယခုရက်သတ္တပတ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။

ကွတ်ခိုင်မြိုနယ် နောင်ဖန်းကျေးရွာအနီးတွင် တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ ဇွန် ၁၆ ရက်မှ ၁၈ ရက် အထိ သုံးရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေ၍ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကာလိုင် ဇွတ်အောင် စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည်များမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ဇွန် ၂၀ ရက် ညနေပိုင်းက ကွတ်ခိုင်မြို့နယ် ပန်ကူရွာတွင် တပ်မတော်နှင့် PSLF/TNLA အဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဇွန် ၂၂ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။

ပန်ကူစစ်ရှောင်စခန်းနှင့် ခုနစ်မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ ဒေသခံအချို့ စစ်ဘေးရှောင်နေရပြီး ကိုဗစ်ရောဂါကြောင့် အသွားအလာကန့်သတ်ထားစဉ် စားဝတ်နေရေး အခက်တွေ့နေသောကြောင့် တိုက်ပွဲများ ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါ သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ဇွန် တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ပါသည်။

ဇွန် ၁၇ နံနက်ပိုင်းက မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့၍ ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းတွင် ယဉ်များ တနာရီခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ပြောကြားမှုကို ကိုးကား၍ 7 Day သတင်းတွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် ဇွန် ၁၉ ရက် နံနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော်နှင့် AA အဖွဲ့တို့ နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကျောက်ဆိပ်ကျေးရွာမှ ဒေသခံများလည်း ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရကြောင်း 7 Day Daily သတင်းစာက ဇွန် ၂၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဆိပ်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် AA အဖွဲ့ထံမှ အလောင်းနှစ်လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး တပ်မတော်မှ တပ်ဖွဲ့ဝင်အချို့ ကျဆုံး ဒဏ်ရာရခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါသည်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးတွင် ဇွန် ၂၁ ရက်က တပ်မတော်စစ်ကြောင်းကို AA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အပေါက်ဝကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များ ကျရောက်၍ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာန၏ ဇွန် ၂၂ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။သို့ရာတွင် အပေါက်ဝကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို ပြောကြားခဲ့ပါသည်။

ယခုရက်သတ္တပတ်အတွင်း အရပ်သားသေဆုံးမှု ရှိခဲ့သည့် တိုက်ပွဲဖြစ်စဉ်မှာ ဇွန် ၂၂ ရက် ညနေပိုင်းက ရသေ့တောင်မြို့နယ် အငူမော်- မောင်တောကားလမ်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ မော်တော်ယာဉ်တန်း အား AA အဖွဲ့က ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံး၊ လေးဦး ဒဏ်ရာရရှိခဲ့သည့်အပြင် မော်တော်ယာဉ် မောင်းနှင် ပို့ဆောင်ပေးသည့် အရပ်သား ယာဉ်မောင်းတဦး သေဆုံးခဲ့ပြီး ယာဉ် နောက်လိုက် တဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ ယင်းဖြစ်စဉ်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့စဉ် ကိုးတန်ကောက် ကျေးရွာအနီး၌ AA အဖွဲ့က ချောင်း မြောင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။