ထုတ်ပြန်ကြေညာချက်များ (ဇွန် ပထမပတ်)

Post By Pan Su Wai, On June 9, 2020

ထုတ်ပြန်ကြေညာချက်များ (ဇွန် ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်မှ ၈ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ၁၂ ခုအထိ ထုတ်ပြန်ခဲ့ပြီး ULA/AA အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)တို့မှ တခုစီ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခု အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

ဇွန် ပထမပတ်အတွင်း ထွက်ရှိခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် ဇွန် ၄ ရက်စွဲဖြင့် “ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် ARSA အဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားကြောင်း” ထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ” မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားသို့ အရောက်၌ မီးဒိုက်ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက်သို့ ထွက်ခွာလာသည့် ARSA အဖွဲ့မှ ၂၅ ဦးခန့်နှင့် အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ARSA တပ်ဖွဲ့ဝင်များသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် ” ARSA တပ်ဖွဲ့ဝင်များထံမှ ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း ၂ လောင်းကို ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ၂ လက်၊  ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်မှ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “တပ်မတော်အနေဖြင့် CNF အဖွဲ့အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြောင်း” ဇွန် ၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တပ်မတော်မှ CNF အဖွဲ့အတွက် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)က လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုဆေးပစ္စည်းများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်မှတာဝန်ရှိသူများက ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ  TBC နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာထားခြင်း ခံထားရသည့် ULA/AA အဖွဲ့က ဇွန် ၄ ရက်စွဲဖြင့် “မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာသူ ဒေါ်မြစိန်ဦး မင်းပြားပြည်သူ့ဆေးရုံ၌ ကွယ်လွန်ရခြင်းနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်”ကို ထုတ်ပြန်ခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ ဇွန် ၈ ရက်စွဲဖြင့် “နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သည်များကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် တိုက်တွန်းတောင်းဆိုချက်”မှာလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။

အဆိုပါတောင်းဆိုချက်တွင် “ယနေ့အချိန်ကာလသည် COVID- 19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေရသည့်ကာလဖြစ်ပြီး ဤကာလအတွင်း ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးသုံးရပ်သည် များစွာအားနည်းနေကြောင်း၊ ဥပဒေပြုလွှတ်တော်သည်လည်း အုပ်ချုပ်ရေးပိုင်း၏ ဥပဒေအပေါ် ကျော်လွန်လုပ်ဆောင်နေမှုများကို ထိန်းသိမ်းရမည့်အစား အားပေးထောက်ခံမှုများကို မီဒီယာများတွင် မျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုအစိုးရ၏လုပ်ဆောင်ချက်များသည်လည်း ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်အတည်ပြုမှုများကို ရယူခြင်းမရှိဘဲ ၎င်းတို့သဘောဆန္ဒအရ ဆုံးဖြတ်ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ဥပမာများဖြင့် ဖော်ပြခဲ့ပြီး “ဒီမိုကနေစီအစိုးရတရပ်အနေဖြင့် ပြည်သူလူထုအား သိသင့်သိထိုက်သည်များကို ထိန်ချန်ခြင်းမရှိဘဲ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာဖော်ပြပေးရန် NDF မှ အလေးနက်တိုက်တွန်း တောင်းဆိုကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

ချင်းအမျိုးသမီးကွန်ရက်မှ “ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ချင်းအမျိုးသမီး ဒေါ်စိန်မြဦး AA အဖွဲ့၏ တလနီးပါးဖမ်းဆီးခံခဲ့ရပြီးနောက် ကွယ်လွန်ရခြင်းအပေါ် သဘောထားထုတ်ပြန်ချက်”ကို ဇွန် ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ဒေါ်စိန်မြဦးသည် AA အဖွဲ့လက်မှ လွတ်မြောက်လာချိန်တွင် မူလသာမန်စိတ်နေစိတ်ထားများ ပျောက်ဆုံးသွားသည့်အပြင် အသက်ရှူလမ်းကြောင်း ပုံမမှန်ခြင်း၊ ကြောက်ရွံ့တုန်လှုပ် ခြောက်ခြားခြင်းများနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများ များစွာထိခိုက်နေမှုများ ရှိခဲ့သည့်အပြင် လက်ကောက်ဝတ်နှစ်ဖက်နှင့် နောက်ကျောဘက်တွင် အညိုမဲများစွဲကာ ခြေထောက်နှစ်ဘက်တွင်လည်း ဒဏ်ရာများရှိနေခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ဒေါ်စိန်မြဦးသေဆုံးမှုသည် ၎င်းတို့အဖွဲ့နှင့် မသက်ဆိုင်ကြောင်း AA အဖွဲ့၏ ထုတ်ပြန်ကြေညာမှုမှာ လွန်စွာတာဝန်မဲ့သည့် လုပ်ရပ်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

ရှေ့ပြေးအသံအဖွဲ့(PV)ကလည်း “မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျိုးအမြတ်အတွက် COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း” အစီရင်ခံစာကို ဇွန် ၂ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။