ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် ဒုတိယပတ်)

Post By Pan Su Wai, On July 14, 2020

ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၇ ရက်မှ ၁၃ ရက်အထိ (ဇူလိုင် ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၅ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၄ ခုထိ ထုတ်ပြန်ခဲ့ပြီး အစိုးရမှ နှစ်ခု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သုံးခု၊ ULA/ AA အဖွဲ့မှ တခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ငါးခုအသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ဇူလိုင်ဒုတိယပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ကြေညာချက်များအနက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဇူလိုင် ၁၃ ရက်စွဲဖြင့် အသိပေးကြေညာချက်မှာ လူထုကြား လှုပ်ခတ်မှု ဖြစ်စေခဲ့ပါသည်။

ယင်းအသိပေးထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၅ ရက်ထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များ မပါ) အား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း” ဖော်ပြခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇူလိုင် ၈ ရက်စွဲဖြင့် “ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက် ယာယီဖြတ်တောက်ထားရခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်” မှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ AA အဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ ပိုမိုပြင်းထန်လာခြင်းကြောင့် အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် တမြို့နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုများကို ယာယီဖြတ်တောက်ထားရန် ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “မိုဘိုင်းအင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ AA အဖွဲ့က လက်လုပ်မိုင်းနှင့် အဝေးထိန်းမြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသား လူမျိုးများအကြား အမုန်းတရားများ လှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများအား တိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုများကို စနစ်တကျ လုပ်ဆောင်ခြင်းများ ရှိနေသဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အင်တာနက်ကို ယာယီဖြတ်တောက်ရခြင်းဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ယင်းနောက် “ပြည်သူများအား AAအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်မှ အကာအကွယ်ပေးရေး အတွက် လည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ထိခိုက်ခံစားလွယ်သူများအပါအဝင် ပြည်သူအားလုံး အကျိုး ခံစားခွင့် ရရှိစေရေးအတွက်လည်းကောင်း အစိုးရအနေဖြင့် လိုအပ်သည့် ထိရောက်သော အစီအမံများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ “ ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများ၏ ကျင့်ဝတ်များ ထုတ်ပြန်ခြင်း” ထုတ်ပြန်ချက် နှင့် “ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများ၏ ကျင့်ဝတ်များထုတ်ပြန်ခြင်း” ထုတ်ပြန်ချက်တို့ကို ဇူလိုင် ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ပြီး “ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူများသည် အထွေထွေရွေးကောက်ပွဲ လေ့လာခွင့်ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း” ထုတ်ပြန်ချက်ကိုလည်း ဇူလိုင် ၇ ရက်စွဲဖြင့်ပင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာလိုသည့် ပြည်တွင်းရွေးကောက်ပွဲ လေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လေ့လာလိုသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင်လည်းကောင်း၊ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် လည်းကောင်း ဇူလိုင် ၇ ရက်မှ စတင်ပြီး အောက်တိုဘာ ၁၅ ရက်အထိ လျှောက်ထားနိုင်‌ကြောင်း” ဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

ဇူလိုင် ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် “ကျောက်မဲမြို့အတွင်း ခွင့်ပြုချက်မရရှိဘဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည့် ဦးဆောင်သူ သုံးဦးအား အမှုဖွင့်လှစ် အ‌ရေးယူသွားမည်ဖြစ်ကြောင်း”ဇူလိုင် ၁၀ ရက်စွဲဖြင့် ထုတ်ပြန်မှုမှာ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်တွင် ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတစ်ဝိုက်၌ တပ်မတော်နှင့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာနေ တောင်ယာလုပ်ကိုင်သူအမျိုးသားတဦး လက်နက်ငယ် ကျည်ထိမှန်၍ သေဆုံးခဲ့ပြီး အမျိုးသမီးတဦးနှင့် အမျိုးသားတဦးတို့သည် ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါဒေသခံ သုံးဦးနှင့် ပတ်သက်ပြီး တပ်မတော်မှ ပစ်ခတ်၍ သေဆုံးဒဏ်ရာ ရရှိခဲ့သည်ဟု အကြောင်းပြကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “စုဝေး၊ စီတန်း လှည့်လည်ခွင့်အား ဇူလိုင် ၉ ရက်တွင် တင်ပြခဲ့သော်လည်း ပြည်နယ်အစိုးရမှ ခွင့်မပြုကြောင်း သိရပြီး ခွင့်ပြုချက် မရရှိဘဲ စုဝေး၊စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးဆောင်သူ သုံးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တို့ဖြင့် သက်ဆိုင်ရာဌာနများမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များအနက်မှ ထပ်မံ၍ စစ်သည် သုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း” ဇူလိုင် ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉  ရောဂါပိုး တွေ့ရှိခဲ့သည့် စစ်သည်များနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သော လေယာဉ်တစီးတည်း လိုက်ပါစီးနင်းခဲ့သည့် ကျန်ရှိသည့် အရာရှိ၊ စစ်သည် ၄၀ ဦးကို သီးခြားစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ PCR နည်းဖြင့် ထပ်မံဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့အနက်မှ စစ်သည် သုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း”ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း ဇူလိုင် ဒုတိယပတ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

“စစ်တွေ-ရေချမ်းပြင်သွားကားလမ်း၌ AA အဖွဲ့က ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်းနှစ်လုံး ဖော်ထုတ် ရှင်းလင်းခဲ့ကြောင်း” ဇူလိုင် ၁၁ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းပေါ်၌  AA အဖွဲ့က ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ဖော်ထုတ်စဉ် ရေချမ်းပြင်ကျေးရွာအနီး နည်းပညာကောလိပ် (GTC) ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း ဝဲဘက်နေရာများ၌ ဒေသန္တရ လက်လုပ်ရီမုမိုင်း နှစ်လုံး ဖော်ထုတ်ရရှိကြောင်းနှင့် ရှင်းလင်းဖော်ထုတ်ရရှိခဲ့သည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း နှစ်လုံးအား သိမ်းဆည်းခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် “တောင်ပြို-မောင်တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း” ဇူလိုင် ၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တရိန်းကျေးရွာ၏ အနောက်ဘက် တောင်ပြို-မောင်တောသွား ကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အဖွဲ့က မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားမှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရခိုင်နှင့် ချင်းပြည်တောင်ပိုင်းတွင် အင်တာနက် ယာယီဖြတ်တောက်ထားရခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်အပေါ် အကြမ်းဖက် အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာခြင်းခံထားရသည့် ULA/AAအဖွဲ့ မှ ဇူလိုင် ၈ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် တခု ထွက်ရှိခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ရှမ်းလူမှုအဖွဲ့အစည်းများ၏ ဇွန် ၁၃ ရက်စွဲဖြင့် “တရားမျှတမှုအတွက် ကျောက်မဲမြို့နေပြည်သူများ ဆန္ဒထုတ်ဖော်တောင်းခံခြင်းကို အရေးယူခြင်းမျိုးမဟုတ်ပဲ ပြစ်မှုကျူးလွန်သူ မြန်မာအစိုးရ စစ်တပ်ကိုသာ လုံး၀အရေးယူရန် သဘောထားထုတ်ပြန်ချက်” မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ပြည့်နှစ် ဇွန် ၂၉ရက်တွင် ရှမ်းပြည် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် တပ်မတော်မှ ဒေသခံများအား ပစ်ခတ်သေဆုံး ဒဏ်ရာရစေမှုအပေါ် ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၀ရက်တွင် ကျောက်မဲမြို့နေ ပြည်သူလူထုများမှ တရားမျှတမှုအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို ရှမ်းလူမှုအဖွဲ့အစည်းမှ လုံး၀ထောက်ခံပြီး ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူ သုံးဦးကို တရားစွဲဆိုခြင်းအား အချုပ်နှောင်မရှိဘဲ လုံး၀ရပ်တန့်ပေးရန် တိုက်တွန်း နှိုးဆော်ကြောင်း” ဖော်ပြခဲ့ပါသည်။

အလားတူ ဇူလိုင် ၁၁ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက်မှ “RCSS/ SSA နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားပြည်သူလူထု သေဆုံးရသည့် ဖြစ်ရပ်အပေါ် သဘောထားထုတ်ပြန်ချက်” တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုအပေါ်တွင် ပါဝင်ပတ်သက်သည့် တာဝန်ရှိသူများမှ တာဝန်ယူမှု တာဝန်ခံမှု ရှိစွာ အမှုမှန်ပေါ်ပေါက်စေရေး စစ်ဆေးပေးရန်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ဒေသခံပြည်သူများနှင့်အတူ တသားတည်း ထောက်ခံရပ်တည်ကြောင်းနှင့် ဦးဆောင်သူဦးအား တရားစွဲဆိုမှုပြုလုပ်မည့် ကိစ္စအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။