ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ပထမပတ်)

Post By Nyein Ko Ko Soe, On March 6, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၅ ရက်အထိ(မတ်လ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ‘ဝ’ဒေသသို့ လာရောက်ပါက NCA လက်မှတ်ထိုးရေးကိစ္စ အထောက်အကူဖြစ်စေမည်ဟု ‘ဝ’အဖွဲ့ (UWSP/UWSA)က ပြောဆိုခဲ့ခြင်း၊ အပစ်ရပ်ခိုင်မာရေးထက် လမ်းဖောက်လုပ်ရေးက ပိုမိုအရေးကြီးသလားဟု တပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မေးခွန်း ထုတ်ခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် တအာင်းအဖွဲ့(PSLF/TNLA )၊ ရခိုင်အဖွဲ့(ULA/ AA)၊ ကိုးကန့်အဖွဲ့(MNTJP/MNDAA)တို့၏ အပစ်ရပ်သက်တမ်းတိုးကြေညာမှုကို အယုံအကြည်မရှိကြောင်း တပ်မတော်က တုံ့ပြန်ခဲ့မှု၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော အဖွဲ့များနှင့် တပ်မတော်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာကိစ္စ အခက်အခဲဖြစ်နေမှုတို့မှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့သည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ‘ဝ’ဒေသသို့ လာရောက်ပါက တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးကိစ္စ အထောက်အကူဖြစ်စေမည်ဟု ‘ဝ’အဖွဲ့ (UWSP/UWSA) ပြောရေးဆိုခွင့်ရှိသူ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားခဲ့မှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာအကြောင်းအရာတခု ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က UWSP/UWSA ဌာနချုပ် ပန်ဆန်း၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် UWSA ဒုဥက္ကဋ္ဌက ‘ဝ’ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့မှုအပေါ် ဦးညီရန်းက လူကြီးအချင်းချင်း တွေ့ဆုံဆွေးနွေးလျှင် ပိုထိရောက်ပြီး NCA ထိုးရန် အထောက်အကူပြုလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ထပ် အာရုံစိုက်စရာသတင်းတပုဒ်မှာ မြောက်ပိုင်းသုံးဖွဲ့ဖြစ်သော တအာင်းအဖွဲ့(PSLF/TNLA)၊ ရခိုင်အဖွဲ့(ULA/ AA)၊ ကိုးကန့်အဖွဲ့ (MNTJP/MNDAA) တို့၏ အပစ်ရပ်သက်တမ်းတိုးကြေညာမှုကို အယုံအကြည်မရှိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားခဲ့သည့်သတင်းဖြစ်ပါသည်။

မြောက်ပိုင်းသုံးဖွဲ့၏တစ်ဖက်သတ် အပစ်ရပ်ကြေညာမှုကို မတ်လ ၂၅ ရက်အထိ ထပ်မံ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာမှုနှင့် ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခြေအမြစ်မရှိ၍ အယုံအကြည်မရှိကြောင်း 7 Day Daily သတင်းစာသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်က လမ်းဖောက်လုပ်မှုကြောင့် စစ်ရေးတင်းမာနေခြင်းနှင့်ပတ်သက်၍ အပစ်ရပ်ခိုင်မာရေးထက် လမ်းဖောက်လုပ်ရေးက ပိုမိုအရေးကြီးသလားဟု တပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မေးခွန်းထုတ်ခဲ့ခြင်းမှာ ယခုရက်သတ္တပတ်အတွင်း သတိပြုစရာ ဖြစ်ခဲ့သည်။

KNU အနေဖြင့် တပ်မတော်က ဆောင်ရွက်နေသည့် လမ်းဖောက်လုပ်ရေးရည်ရွယ်ချက်၏ နောက်ကွယ်စဉ်းစားချက်အပေါ် စိုးရိမ်မှုရှိကြောင်း KNU အထွေ ထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားပြီး အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးထက် လမ်းဖောက်လုပ်ရေးက ပိုမိုအရေးကြီးသလားဟု မေးခွန်း ထုတ်ခဲ့ပါသည်။ တပ်မတော်နှင့် KNU အကြား တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကို ဗဟိုအဆင့်၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်မဟာအဆင့်ပွဲများ ခွဲပြီး ပြုလုပ်ခဲ့သော်လည်း လမ်းဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ ပြေလည်မှု မရသေးသကဲ့သို့ တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော အဖွဲ့များနှင့် တပ်မတော်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာကိစ္စ အခက်အခဲဖြစ်နေကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှုမှာလည်း အာရုံစိုက်စရာသတင်းတပုဒ်ဖြစ်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ် ၂ ရက်နှင့် ၃ ရက်တို့က ကျင်းပခဲ့ရာ အစိုးရနှင့် ဆွေးနွေးရမည့် တပ်ပိုင်းဆိုင်ရာကိစ္စလည်း ပါဝင်ခဲ့ပြီး ဆွေးနွေးမှုအဆင်မပြေပါက နိုင်ငံရေးဆွေးနွေးပွဲ ဆက်မလုပ်ဟု ပြောကြားသည့်အဖွဲ့အချို့ ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားခဲ့သည်။

ထို့ပြင် တနှစ်ကျော် ဆိုင်းငံ့ထားခဲ့ရသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးကို မတ်လအတွင်း ပြန်လည်ကျင်းပနိုင်ရေးအတွက် တပ်ပိုင်းဆိုင်ရာ ကိစ္စပြေလည်ရန် လိုအပ်နေကြောင်း သိရသည်။

မတ်လအစပိုင်းမှစ၍ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ကလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးသို့ ကိုယ်စားလှယ်စေလွှတ်ရန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်မည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် မတ်လပထမပတ်အတွင်း သက်ဆိုင်ရာအင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။