By
Nyein Ko Ko Soe, On
ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် ဒုတိယပတ်)
Warning: Undefined variable $auth in /home/ispmya5/public_html/wp-content/themes/ispmpd/single-article.php on line 30
Post By Nyein Ko Ko Soe, On July 17, 2020

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိ (ဇူလိုင် ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့အား ချင်းပြည်နယ်အတွင်းမှ ဆုတ်ခွာရန် ချင်းအမျိုးသားတပ်ဦး(CNF)က သတိပေးခဲ့ခြင်း၊ ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အရပ်သားသေဆုံးမှုကို သွားရောက်စစ်ဆေးသည့် တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပစ်ခတ်ခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။
ထို့ပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အနှောင့်အယှက် မပေး၊ အားလည်း မပေးသည့် မူဝါဒကို ကိုင်စွဲထားကြောင်း KIO/KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့မှု၊ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသည့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်အချို့ကို ၂၁ ရာစု ပင်လုံညီလာခံသို့ လာရောက်နိုင်ရေးအတွက် ကြိုးပမ်းနေမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။
NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု
ယခုရက်သတ္တပတ်အတွင်း သတိပြုစရာသတင်းတပုဒ်မှာ ဧရာ၀တီသတင်းဌာနက ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သည့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် အခြေချ၍ စစ်ရေးလှုပ်ရှားနေသည့် ULA/AA အဖွဲ့ ချင်းပြည်နယ်အတွင်းမှ ဆုတ်ခွာသွားရန် ချင်းအမျိုးသားတပ်ဦး(CNF) က သတိပေးပြောဆိုခဲ့သည်ဆိုသောသတင်း ဖြစ်ပါသည်။
CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းတွင် ဇူလိုင် ၇ ရက်မှ စ၍ တပတ်ကြာ ကျင်းပခဲ့သည့် CNF ၏ ဒုတိယအကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တွင် ရှိသည့် စစ်ရှောင်များကို ကူညီပံ့ပိုးရေး၊ ပလက်ဝတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် AA အဖွဲ့တို့အကြားက တိုက်ပွဲများအရေးကို ဆွေးနွေးခဲ့ကြကြောင်း ဧရာ၀တီသတင်းတွင် ဖော်ပြခဲ့ပါသည်။
အစည်းအဝေးအပြီးတွင် CNF အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ချင်းပြည်နယ်အတွင်း AA အဖွဲ့ အခြေမချနိုင်ရန် စစ်ရေးအရ (သို့မဟုတ်) နိုင်ငံရေးဆွေးနွေးပွဲအရ တိုက်ထုတ်နိုင်ကြောင်းနှင့် ချင်းပြည်နယ်တွင် တိုက်ပွဲမပြုလုပ်ရန် CNF ၏ ၂၀၁၆ က ကမ်းလှမ်းမှုကို AA အဖွဲ့က လက်မခံခဲ့၍ ထပ်မံဆွေးနွေးမည် မဟုတ်ကြောင်း ဧရာ၀တီသို့ ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ အနှောင့်အယှက် မပေး၊ အားလည်း မပေးသည့် မူဝါဒကို ကိုင်စွဲထားကြောင်း KIO/KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့မှုကို ဖော်ပြခဲ့သည့် ဇူလိုင် ၁၅ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။
နိုဝင်ဘာတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ KIO/KIA အဖွဲ့၏ သဘောထားကို KIO/KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက 7 Day သတင်းစာကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ KIA အဖွဲ့နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာဖြစ်ပွားမှု မရှိခဲ့ကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့သည်။
NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အရပ်သားသေဆုံးမှုကို သွားရောက် စစ်ဆေးသည့် တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပစ်ခတ်ခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်မှုကို ဇူလိုင် ၁၆ ရက်က ဖော်ပြခဲ့သော ဧရာ၀တီသတင်းဌာန၏ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။
ဇွန်လကုန်ပိုင်းက ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးရန် တပ်မတော်စစ်ဆေးရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်နှင့် ဇူလိုင် ၁၅ ရက်တို့တွင် RCSS ဘက်မှ ငါးကြိမ် နှောင့်ယှက်ပစ်ခတ်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့မှုကို ဧရာ၀တီသတင်းတွင် ဖော်ပြထားပါသည်။
ယင်းကဲ့သို့ ပစ်ခတ်ခဲ့မှုမှာ မရိုးသား၍ ချောင်းပစ်ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပြီး ယခုကိစ္စနှင့် ပတ်သက်၍ RCSS အဖွဲ့မှ တုံ့ပြန်ပြောကြားမှု မရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြမှုအရ သိရပါသည်။
နောက်ထပ် စိတ်ဝင်စားစရာသတင်းတပုဒ်မှာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံအချို့တွင် နေထိုင်ကြသည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များကို ၂၁ ရာစု ပင်လုံညီလာခံသို့ လာရောက်နိုင်ရေး ကြိုးပမ်းနေကြောင်း ဇူလိုင် ၁၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းဖြစ်ပါသည်။
ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရမည့် မျက်နှာစုံညီအစည်းအဝေးများကို မကြာမီကာလအတွင်း ကျင်းပရန် ရှိရာ COVID -19 ကာလအတွင်း ခရီးသွားလာရေးအခက်အခဲရှိသည့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းနေကြောင်း PNLO/PNLA အဖွဲ့ ဦးဆောင် နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာက 7 Day သတင်းစာသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)တို့ အပါအဝင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အချို့မှ ထိပ်ပိုင်းခေါင်းဆောင်များသည် မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံအချို့၌ ရောက်ရှိနေထိုင်နေကြကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင် ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By
Nyein Ko Ko Soe, On
By
Pan Su Wai, On
ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ ဒုတိယပတ်)
By
Nyein Ko Ko Soe, On