ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် စတုတ္ထပတ်)

Post By Pan Su Wai, On July 28, 2020

ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အထိ (ဇူလိုင် စတုတ္ထပတ်) ကာလအတွင်း တပ်မတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခုထိ ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊  ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP)တို့မှ တခုစီ၊ အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခု အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ဇူလိုင် ၂၄ရက်စွဲဖြင့် “မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်” ထွက်ရှိခဲ့ပါသည်။

ယင်းမေတ္တာရပ်ခံချက်တွင် “မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ နေ့အထိ ၁၄ရက်အကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာဖြစ်ကြောင်း”ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုစစ်ဆေးပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း” UEC ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ  

ဇူလိုင်စတုတ္ထပတ်အတွင်းထွက်ရှိခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် ဇူလိုင် ၂၄ရက်စွဲဖြင့် “ RCSS/ SSA အဖွဲ့မှ ထွက်ပြေးလာသည့် သင်တန်းသား ၂၀ ဦးကို UWSP/UWSA (ဝ)အဖွဲ့က ယာယီထိန်းသိမ်း ထားရှိပြီး တပ်မတော်သို့ လာရောက်အပ်နှံခဲ့ကြောင်း” ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “RCSS/ SSA အဖွဲ့မှ အတင်းအဓမ္မလူသစ် စုဆောင်း ခံရပြီး လွယ်တိုင်းလျှံတွင် တပ်သားသစ်သင်တန်း တက်ရောက်နေရသူများ အနက်မှ သင်တန်းသား ၂၀ ဦးခန့်သည် သင်တန်း တက်ရောက်ချိန်အတွင်း နေထိုင် စားသောက်မှုဆင်းရဲခြင်း၊ လက်နက်ကိုင်ဆောင်၍ တိုက်လိုခိုက်လိုစိတ်မရှိခြင်း တို့ကြောင့် အဖွဲ့လိုက်ခွဲ၍ ထွက်ပြေးလာခဲ့စဉ် ရှမ်းပြည်နယ် အရှေ့ပိုင်း တပ်ဖာလိုင်ဒေသတွင် UWSP/UWSA (၀) အဖွဲ့က ယာယီထိန်းသိမ်းထား ရှိပြီး ဇူလိုင် ၂၃ ရက်တွင် တာချီလိတ်မြို့ရှိ နယ်မြေခံတပ်သို့ လာရောက်အပ်နှံ ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “RCSS/ SSA အဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီ ထားသော သဘောတူညီချက်များကို ချိုးဖောက်သည့်အပြင် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များအား ချိုးဖောက်ခဲ့ သည်ကို တွေ့ရှိခဲ့ရကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က ငြင်းဆန်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍ ဇူလိုင် စတုတ္ထပတ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ “ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီးတွင် သင်တန်းသား အရာရှိ၊ စစ်သည်များ စီးနင်းလာသော ယာဉ်တန်းအား AA အဖွဲ့က ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ”ဇူလိုင် ၂၁ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ဇူလိုင်၂၃ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ “(၁၆)ကြိမ်မြောက် ကွန်ကရက်အပြီး (၇)ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး သတင်းထုတ်ပြန်ချက်” မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါ သည်။

အဆိုပါထုတ်ပြန်ချက်တွင် “အစည်းအဝေးတွင် NCA စာချုပ်ဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ အပစ်ခတ်ရပ်စဲရေး ခိုင်မာရေးဆိုင်ရာနှင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တို့နှင့် ပတ်သက်ပြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သတ်သည့် အကြောင်းအရာများ ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်သွားနိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက်နှင့် အာမခံချက်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ကရင်အမျိုးသားအစည်းအရုံး၏ ချမှတ်ထားသော ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးခြင်းဆိုင်ရာ အကောင်အထည် ဖော်ခြင်းများတို့ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကရင်ပြည်သူလူထုများနှင့်အတူ အခြားသောတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” KNU ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်
ဇူလိုင် ၂၃ရက်စွဲဖြင့် “ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ(SSP)ရုံးချုပ်၏ အထူးသတိပေးထုတ်ပြန်ခြင်း” ထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်‌ကြီး ကျေးရွာနေ ရှမ်းနီလူမျိုး ဆယ်တန်းကျောင်းသားနှစ်ဦးအား KIA အဖွဲ့မှ ဇူလိုင် ၆ ရက်တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယင်းကျောင်းသားနှစ်ဦးအား တဦးလျှင် ကျပ်သိန်းတရာစီဖြင့် လာရောက်ရွေးယူရန် ကျောင်းသားမိဘများအား အကြောင်းကြားခဲ့ရာ ကျောင်းသားများ ပြန်လည်လွတ်မြောက် ရေးအတွက် နည်းအမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်စဉ် ဇူလိုင် ၂၂ရက်တွင် အဆိုပါကျောင်းသားနှစ်ဦးအား သတ်ဖြတ် လိုက်ပြီဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။
ယင်းနောက် “ရှမ်းနီလူမျိုးကျောင်းသားနှစ်ဦး သတ်ဖြတ်ခံရခြင်းအတွက် SSP ပါတီနှင့် ရှမ်းနီတမျိုးလုံးက အထူးဝမ်းနည်းကြေကွဲရကြောင်းနှင့် အပြစ်မဲ့ရှမ်းနီလူမျိုး ကျောင်းသားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခြင်းခြင်း ပြုလုပ်ခဲ့သည်မှာ တိုင်းရင်းသားတမျိုးနှင့် တမျိုးကြား မီးခဲပြာဖုံးဖြစ်နေသော ခံပြင်းနာကြည်းစိတ်တို့ကို ဖြစ်စေ‌ေကြာင်း၊ ယခုကိစ္စအပေါ် အခြေပြု၍ တိုင်းရင်းသားလူမျိုးနှစ်မျိုးကြား ပဋိပက္ခများ ပေါက်ကွဲဖြစ်ပေါ်လာပါက KIA အဖွဲ့၏ တာဝန်သာဖြစ်ကြောင်း ပြင်းထန်စွာ အသိပေးကြေညာသည်ဟု” SSP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)မှ ဇူလိုင် ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ တုန်းမ၀ကျေးရွာမှ ဦးလှကျော်သည် ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်တွင် AA အဖွဲ့ဝင် လူငယ် နှစ်ဦး၏ ဖမ်းဆီးခြင်းကိုခံရကြောင်း ကနဦးသတင်းရရှိခဲ့ကြောင်း၊ ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၇ရက်ဝန်းကျင်တွင် ဦးလှကျော်၏အလောင်းအား မိသားစုဝင်များမှ ရှာဖွေတွေ့ရှိအတည်ပြုနိုင်ခဲ့ကြောင်း ဇူလိုင် ၂၀ရက်နေ့တွင် မိသားစုဝင်များထံမှ သတင်းရရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ယခုဖြစ်ရပ်နှင့် ပတ်သက်၍ KACC အနေဖြင့် များစွာတုန်လှုပ် ခြောက်ခြား ဝမ်းနည်းနေရပါကြောင်းနှင့် မည်သည့် လက်နက်ကိုင်အဖွဲ့မဆို တိုက်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် ဒေသခံအရပ်သားများ၏ အသက်အိုးအိမ် များကို လက်လွတ်စပယ် ဖျက်ဆီးပြုမူခြင်းအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း” ဖော်ပြခဲ့ပါသည်။

“မူတြော်ခရိုင် ဒွယ်လိုမြို့နယ် ပိုလိုးထာရွာသူ နော်မူနော်အား တပ်မတော် တပ်သားနှစ်ဦး၏ အကြမ်းဖက် သတ်ဖြတ်လုယက်မှု”အပေါ် ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့မှ ဇူလိုင် ၂၂ ရက်စွဲဖြင့်ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် စတုတ္ထပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။