ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ ပထမပတ်)

Post By Nyein Ko Ko Soe, On November 6, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ (နိုဝင်ဘာ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များအနက် တပ်မတော်၏ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား အပြန်အလှန်ပြောကြားခဲ့သည့်သတင်းများက အများဆုံး ဖြစ်ခဲ့ပါသည်။

ထို့အပြင် ၂၀၂၀ အလွန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ထွက်လာမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ တပ်မတော်အရာရှိနှစ်ဦးအား ဖမ်းဆီးသည့် တပ်ဖွဲ့ဝင်များကို ရဲစခန်းသို့ အပ်နှံရန် မရှိဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ပြောကြားခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အအတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်၍ သတင်းများ နည်းပါးခဲ့ပြီး RFA သတင်းဌာနက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်း “၀” အဖွဲ့ (UWSP/UWSA) ထိန်းချုပ်ဒေသရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန် ခက်ခဲနေသည့် သတင်းသာ ရှိခဲ့ပါသည်။

“၀” အဖွဲ့ထိန်းချုပ်ရာနယ်မြေတွင် ပါဝင်နေသော မိုင်းဆတ်မြို့နယ်မှ မိုင်းထလန်း၊ မိုင်းယွန်း ၊ လွယ်လန်း ၊ ဆိုက်ခေါင် ၊ ဝမ်ဟုန် ဝရွာ ရှမ်းရွာစသည့် ကျေးရွာအုပ်စုလေးခုသို့ သွားရောက်မဲဆွယ်မှုအား ကန့်သတ်ထားခြင်းကြောင့် မဲရုံများ ပိတ်သိမ်းပေးရန် ပါတီလေးခုက ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ “၀” အထူးဒေသ ၁၇၁ စစ်ဒေသ တာဝန်ရှိသူများဘက်ကမူ ကိုဗစ်-၁၉ ကပ်ရာဂါ ကူးစက်မှု ထိန်းချုပ်နေချိန်နှင့် တိုက်ဆိုင်နေ၍ မဲဆွယ်စည်းရုံးရေးလာသူများကို ကြိုတင်စာရင်း ပေးရန် တောင်းဆိုထားကြောင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ရှိသည့်အပြင် လုံခြုံစွာ သွားနိုင်ရေး ဂိတ် အသီးသီးကို အကြောင်းကြားရခြင်းကြောင့် အချိန်ကြာမြင့်ကို သည်းခံပေးကြရန်နှင့် အထင်မလွဲကြရန် အသိပေးလိုကြောင်း ထုတ်ပြန်ထားသည်ဟု RFA သတင်းတွင် ပါရှိခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သိသာသည့် အောင်မြင်မှုမရရှိခဲ့ကြောင်း တပ်မတော်က နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် လက်ရှိအစိုးရလက်ထက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့်သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံဟု အမည်ပြောင်းလဲ ကျင်းပနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခြင်း မရှိသေးသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်ဟု မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် ဧရာ၀တီသတင်းဌာနက နိုဝင်ဘာ ၃ ရက်တွင် သတင်းဖော်ပြမှုအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးရခြင်းနှင့် ရွေးကောက်ပွဲကာလတွင်း လူထုများ မဲပေးခွင့် ဆုံးရှုံးခြင်းတို့မှာ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြောင့် ဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်ချက် ထုတ်ပြန်၍ ဝေဖန်ခဲ့ကြောင်းလည်း သိရပါသည်။

တပ်မတော်က နိုဝင်ဘာ၂ ရက် ညပိုင်းတွင် “ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ EAOs အဖွဲ့များနှင့် ပတ်သက်သော သဘောထား ကြေညာချက်” ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တခု ထုတ်ပြန်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှောင့်နှေးရသည်မှာ EAOs အချို့က အင်အားတည်ဆောက်နေခြင်းကြောင့် ဖြစ်ပြီး ရွေးကောက်ပွဲတွင် လူထု မဲပေးခွင့် ဆုံးရှုံးရသည်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နှောင့်ယှက်ဖိအားပေးမှုများကြောင့်ဟု ရေးသားထားခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU အတွင်းရေးမျူးချုပ် ပဒိုစောတာဒိုမှူးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရန် နှောင့်နှေးနေခြင်းက တပ်မတော်နှင့် EAOs များကြား ညှိနှိုင်းမရ ဖြစ်နေသည့် အချက်များ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဧရာ၀တီသို့ ပြောကြားခဲ့ပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ ၂၀၂၀ အလွန်တွင် အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ပေါ်ထွက်လာမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းဌာနက နိုဝင်ဘာ ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

၂၀၂၀ အလွန် ရှေ့ဆက်သွား မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအစီအစဉ်တွင် အမျိုးသားညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးထည့်သွင်းထားပြီး အမျိုးသား ညီညွတ်ရေးအစိုးရပုံစံ ထွက်ပေါ်လာမည်ဟု ဦးဇော်ဌေးက နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် တပ်မတော်မှ အရာရှိနှစ်ဦးအား ဖမ်းဆီးခဲ့သည့် RCSS/SSA တပ်ဖွဲ့ဝင်များကို ကျောက်မဲရဲစခန်းသို့ အပ်နှံသွားရန် မရှိဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေး ဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးက ပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်ထုတ် 7 Day Daily သတင်းစာမှ သတင်း လည်း ရှိခဲ့ပါသည်။

တပ်မတော်အရာရှိမှန်း သိလျက်နှင့် ရန်လိုသည့်အပြုအမူပြုခဲ့သည့် RCSS အဖွဲ့မှ တာဝန်ရှိသူများအား တရား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ကျောက်မဲမြို့နယ်ရဲစခန်းသို့ လာရောက်အပ်နှံရန် RCSS ဌာနချုပ်သို့ သတိပေးထားသည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သော်လည်း အရာရှိနှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်ခဲ့ခြင်း မရှိသကဲ့သို့ တပ်ဖွဲ့ဝင်များကို ရဲစခန်းသို့ အပ်နှံသွားရန် မရှိကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးကမူ 7 Day သို့ ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။