ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On December 24, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၃ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ရေးအတွက် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပါတီများမှ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည့် သတင်းများက လွှမ်းမိုးနေပါသည်။

ထို့အပြင် အရပ်သားများကို ပြန်ပေးဆွဲခဲ့သည့် TNLA ၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ကြောင်း တပ်မတော်က ပြောကြားခဲ့ခြင်း၊ ကလေးစစ်သား အသုံးပြုခြင်း လုံးဝမပြုလုပ်ရန် စစ်သည်ခေါင်းဆောင်များကို DKBA စစ်ဦးစီးချုပ်က မှာကြားခဲ့ခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

မန္တ‌လေးတိုင်း မိုးကုတ်မြို့နယ်အတွင်း အရပ်သားများကို ပြန်ပေးဆွဲမှုများ ပြုလုပ်ခဲ့သည့် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၏ လုပ်ရပ်များသည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်နေကြောင်း တပ်မတော်က ဝေဖန်ခဲ့သည်ဟု မြန်မာတိုင်းမ်သတင်းဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက TNLA အဖွဲ့၏ လုပ်ရပ်များသည် လက်ရှိလျှောက်လှမ်းနေသော ဒီမိုကရေစီဖက်ဒရယ်လမ်းကြောင်းနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ဟု မြန်မာတိုင်းမ်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြားသတင်းတပုဒ်မှာ KIO/KIA အဖွဲ့ ဗဟိုကော်မတီဝင် ဗိုလ်ချုပ်ဂွန်မော်က ကချင်နိုင်ငံတော် ထူထောင်နိုင်ရန် ရည်မှန်းထားကြောင်း ပြောဆိုခဲ့သည်ဟု သတင်းဖော်ပြချက်အပေါ် ယင်းအဖွဲ့သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မိမိတို့အဖွဲ့အစည်း၏ မူဝါဒမှာ ခွဲမထွက်ရေးဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းဖြစ်ပါသည်။

KIO/KIA ဌာနချုပ် လိုင်ဇာဒေသသတင်းများ ဖော်ပြလေ့ရှိသည့် Kachinnet Burmese အမည်ရှိ Facebook စာမျက်နှာတွင် ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ဗိုလ်ချုပ် ဂွန်မော် မိန့်ခွန်းပြောကြားသည့်သတင်းကို ဖော်ပြခဲ့ရာ လွတ်လပ်သော ကချင်နိုင်ငံတော် ထူထောင်နိုင်ရန် ရည်မှန်းထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရပါသည်။ ထိုသတင်းဖော်ပြချက်အပေါ် KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မိမိတို့ အဖွဲ့အစည်း၏ မူဝါဒမှာ ခွဲမထွက်ရေးမူကို စွဲကိုင်ခြင်းဖြစ်ကြောင်း 7 Day ကို ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာတိုင်းမ်သတင်းဌာန၏ ဖော်ပြမှုအရ AA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများမှာ တိုးတက်မှုများ ရှိသည်ဟု တပ်မတော်က ပြောကြားခဲ့ကြောင်း သိရပါသည်။

တပ်မတော်နှင့် AA အဖွဲ့အကြား ဆွေးနွေးမှုနှစ်ကြိမ် ရှိခဲ့ရာ တိုးတက်မှုများ ရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ၊ ပဋိပက္ခများ ဆက်မဖြစ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုတိုးတက်လာရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်ကို ပြောကြားခဲ့သည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဒီဇင်ဘာ ၂၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ထိုအစည်းအဝေးကို ဒီ ဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အွန်လိုင်းမှ ပြုလုပ်ခဲ့ရာ SSJAC ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ SSPP နာယက ဗိုလ်ချုပ်ကြီးဆေထင်တို့ အပါအဝင် ခေါင်းဆောင်ကိုယ်စားလှယ် ၆၅ ဦး တက်ရောက်ခဲ့ကြောင်း CSSU က ထုတ်ပြန်ထားပါသည်။ အစည်းအဝေး၌ ရွေးကောက်ပွဲကိစ္စ၊ ရှမ်းတိုင်းရင်းသားအဖွဲ့များအကြား ညီညွတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု CSSU ပြောရေးဆိုခွင့် ရှိသူဦးစိုင်းကျော်ညွန့်က 7 Day ကို ပြောကြားခဲ့သည်။

7 Day Daily သတင်းစာကပင် ဖော်ပြခဲ့သော နောက်ထပ်သတင်းတပုဒ်မှာ ၂၀၂၀ အလွန်တွင် ပုံဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အပစ်ရပ် ၁၀ ဖွဲ့အကြား သဘောထားစုစည်းမှု ပြုလုပ်မည့်သတင်း ဖြစ်ပါသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA) ဗဟိုကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်များ အစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်ကစ၍ အွန်လိုင်းမှ ကျင်းပနေပြီး အဖွဲ့တွင်း ညှိနှိုင်းရရှိသည့် ဘုံသဘောထားကို အပစ် ရပ် ၁၀ ဖွဲ့အကြား သဘောထားစုစည်းမှု ပြုလုပ်ရန် ပေးပို့မည်ဖြစ်ကြောင်း ALP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက 7 Day ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့အပြင် တပ်သားသစ်များ ဝင်ရောက်လာပါက အသက် မပြည့်သေးသည့် လူငယ်များကို လုံးဝလက်ခံခြင်း မပြုရန် DKBA စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက မှာကြားသည့်သတင်းကိုလည်း 7 Day Daily သတင်းစာက ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဒီဇင်ဘာ ၂၁ ရက်တွင် ကျ ရောက်သည့် (၂၆)နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနား၌ စစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအချက်ကို အလေးထားပြောဆိုခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။ DKBA နှင့် မြန်မာနိုင်ငံရှိ ကလေးများကို ပြင်းထန်စွာချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂ၏ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံရေးအင်အားစု (CTFMR) တို့သည် ကလေးစစ်သားစုဆောင်း အသုံးပြုမှု အဆုံးသတ်ခြင်းနှင့် ကာကွယ်တားဆီးခြင်းစာချုပ်ကို ယခုနှစ် နိုဝင်ဘာ ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။