တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် တတိယပတ်)

Post By Nyein Ko Ko Soe, On July 22, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ (ဇူလိုင် တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြားမြို့နယ်များ၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲ ၁၁ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သကဲ့သို့ KNU တပ်မဟာ(၅)နယ်မြေအတွင်း တပ်မတော်နှင့် KNU တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

စစ်ရေးတင်းမာမှုများ ရှိနေသည့် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) အဖွဲ့ အကြား ဇူလိုင် တတိယပတ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှု ငါးကြိမ် ရှိခဲ့ကြောင်း ဧရာ၀တီသတင်းဌာန၏ ဇူလိုင် ၁၆ ရက်တွင် ဖော်ပြမှုအရ သိရပါသည်။

ဇွန်လကုန်ပိုင်းက ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုနှင့် ပတ်သက်၍ သွားရောက်စစ်ဆေးသည့် တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို RCSS/SSA အဖွဲက က ငါးကြိမ် ပစ်ခတ်ခဲ့ သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်များက ကျောက်မဲမြို့မှ ပန်ကန်ရွာသို့ သွားသည့်လမ်းတွင် ပစ်ခတ်ခံရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သော်လည်း RCSS/SSA အဖွဲ့ကမူ တုန့်ပြန် ပြောဆိုခဲ့ခြင်းမရှိကြောင်း ဧရာ၀တီသတင်းတွင် ပါရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ဇူလိုင်တတိယပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ပါသည်။

ရသေ့တောင်မြို့နယ်တွင် တပ်မတော်က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးများ ဆောင်ရွက်နေ၍ ကျောက်တန်းကျေးရွာအနီးတွင် ဇူလိုင် ၁၆ ရက်မှစ၍ နှစ်ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

တိုက်ပွဲအတွင်း ကျောက်တန်းရွာမှ အမျိုးသမီးကြီးတဦးနှင့် လယ်ထွန်နေသည့် လယ်သမားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အောင်စည်သာရွာမှ နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေနှင့် ကျောက်တန်းကျေးရွာများတစ်ဝိုက် အခြေပြုနေသော AA တပ်ဖွဲ့ဝင်များအား အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်နေကြောင်း ဇူလိုင် ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ဇူလိုင် ၁၉ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရလည်း ရသေ့တောင်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် ဒေသခံ ရာနှင့်ချီ၍ ထပ်မံထွက်ပြေးခဲ့ရကြောင်း သိရပါသည်။ အဆိုပါကျောက်တန်းတိုက်နယ်တစ်ဝိုက်မှ ဒေသခံများမှာ ဇွန်လကုန်ပိုင်းကလည်း နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုသည့် ထုတ်ပြန်ချက်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ထပ်မံထွက်ပြေးကြရခြင်း ဖြစ်သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ဇူလိုင် ၂၀ ရက် ညပိုင်းက မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာအနီးတွင် တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

မိုင်းခွဲတိုက်ခိုက်မှုအတွင်း တပ်မတော်မှ ကားသုံးစီး ထိခိုက်ပျက်စီးခဲ့ပြီး ဇူလိုင် ၂၁ ရက်နံနက်ပိုင်းအထိ ချင်းဖားပြိုကျေးရွာအနီး တောင်ကုန်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။ တပ်မတော်ကလည်း ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သွားသည့် တပ်မတော်ယာဉ်တန်းကို AA အဖွဲ့က နေရာခြောက်ခုမှ တိုက်ခိုက်ခဲ့၍ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း AA အဖွဲ့ ဖမ်းဆီးသွားသည့် တုန်းမဝကျေးရွာလူကြီးကို ဇူလိုင် ၁၇ ရက်တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

တုန်းမဝကျေးရွာလူကြီးမှာ ဆန်ဝယ်ရန် ပီချောင်း ငသရိုင်းနယ်ဘက်သို့ သွားစဉ် AA အဖွဲ့၏ ဖမ်းဆီးခံရပြီး ဇွန် ၅ရက်ကတည်းက ပျောက်ဆုံးနေရာ ဇူလိုင် ၁၇ ရက်တွင် တုန်းမဝရွာမှ တရက်ခန့်သွားရသည့် တောင်ကြားတခုတွင် ၎င်း၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။

မွန်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ တရွာမှ အမျိုးသမီးတစ်ဦးကို တပ်မတော်သားနှစ်ဦးက ပစ်ခတ်၍ သေဆုံးခဲ့ကြောင်း ဇူလိုင် ၂၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။

တပ်မတော်သားနှစ်ဦးမှ ပိုးလိုးထာရွာမှ ဆိုင်ပိုင်ရှင်အမျိုးသမီးတဦးကို လုယက်ပစ်သတ်ခဲ့ပြီးနောက် ထွက်ခွာ လာစဉ် KNU တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ် မှန်ကန်ပြီး ပြစ်မှု ကျူးလွန်ခဲ့သည့် တပ်မတော်သားနှစ်ဦးကို အရေးယူသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။