ထုတ်ပြန်ကြေညာချက်များ (ဧပြီ ပထမပတ်)        

Post By Pan Su Wai, On April 7, 2020

ထုတ်ပြန်ကြေညာချက်များ (ဧပြီ ပထမပတ်)        

၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များမှ စုစုပေါင်း ၂၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၃ခု အထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခု၊ အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များမှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

ဧပြီ ပထမပတ် ကာလအတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များအနက် ဧပြီ ၆ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော “COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  အမျိုးသားအဆင့်ဗဟိုကော်မတီ”၏ သတင်းထုတ်ပြန်ချက်မှာ အများပြည်သူအကြား လှုပ်ခတ်မှု ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “Covid -19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု(၁)စု လျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “ ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓါတ်အား သုံးစွဲမှု (၁၅၀) ယူနစ် အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဖြစ်ကြောင်း” COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ထုတ်ပြန်ချက် ၁၃ ခုအထိ ထုတ်ပြန်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏  ထုတ်ပြန်မှုများအနက် ဧပြီ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အစပြု၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့်ဝန်ထမ်းများက လုပ်ခလစာငွေများမှ တတ်အားသရွေ့ ထည့်ဝင် လှူဒါန်း“ ထုတ်ပြန်မှုမှာ သတိပြုစရာ တခုဖြစ်သည်။

ယင်းထုတ်ပြန်မှု၌ ” Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက တစ်လစာ လစာငွေများကို လည်းကောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများက ၎င်းတို့၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို လည်းကောင်း တတ်အားသရွေ့ အသီးသီးထည့်ဝင်လှူဒါန်းကြရာ စုစုပေါင်းငွေကျပ်၂၂၄၅၃၆၅၂၁၄ (၂ ဒသမ ၂၄၅ ဘီလီယံကျော်) ဖြစ်ကြောင်း” ပါရှိခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏  “ဖာပွန်မြို့နယ်အတွင်း လမ်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား KNU အဖွဲ့က နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း ” ဧပြီ ၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်မှုမှာလည်း အာရုံစိုက်စရာ တခု ဖြစ်ခဲ့သည်။

ထုတ်ပြန်ချက်အရ “ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းနှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တပ်မတော်ဘက်မှ ကြိုတင်ညှိနှိုင်းထားပြီး လမ်းကြောင်းပြုပြင်အသုံးပြုမှုကို KNU အဖွဲ့ အနေဖြင့် တပ်မတော် စစ်ကြောင်း များ၊ ယာဉ်များကို နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ယနေ့အထိ ထိတွေ့တိုက်ခိုက်မှု ၄၀ ကြိမ်၊ မိုင်းနင်းမိုင်းကွဲမှု ၂၃ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသန္တရမိုင်းများ ဖော်ထုတ်သိမ်းဆည်းနိုင်မှု ၁၈ကြိမ် (မိုင်း ၂၅လုံး)ရှိကြောင်း ” ဦးစွာ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ” KNU အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ၊  လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့က KNU ဗဟိုနှင့် သက်ဆိုင်ရာသို့ သတိပေးကန့်ကွက်စာ၊ အကြောင်းကြားစာစုစုပေါင်း ၉၄ ကြိမ် ပေးပို့ ထားပြီး တပ်မတော်မှ လိုအပ်သည့် လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက်  “ထိုသို့ ဆောင်ရွက် လျက် ရှိစဉ် ဧပြီ ၁ ရက်က ဘော်စဲခို- လွယ်မူပလောလမ်း လုံခြုံရေး ဆောင်ရွက် လျက်ရှိသော တပ်မတော် စစ်ကြောင်းတခုကို KNU အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်ခဲ့သည့်နေရာအား ဆေးခဲ့ရာ KNU အဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် အလောင်း တလောင်း၊ သေနတ်၊ ကျည်များနှင့် အသုံးအဆောင် ပစ္စည်းများ  သိမ်းဆည်း ရမိခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာခဲ့သည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ခြင်း ရှိခဲ့ပါသည်။ “AA အဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယူနီဖောင်းများဝတ်ဆင်၍ ရဲတပ်ဖွဲ့ဝင်များ အဖြစ် အယောင်ဆောင်ကာ တောင်ကုတ်မြို့နယ်၊ ဂျီဖြူတောင်ကျေးရွာ နေထိုင်သည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း” ဧပြီ ၆ ရက်စွဲဖြင့် လည်းကောင်း၊ “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်နှင့် ကျောက်တော်မြို့နယ်အတွင်း AA တပ်ဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများအား အဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း”  ဧပြီ ၄ရက်စွဲဖြင့် လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်များ ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး “ကျောက်တော်မြို့နယ်၊  သရက်အုပ်ကျေးရွာအတွင်းမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ သုံးဦး ဖမ်းဆီးရမိကြောင်း” ဧပြီ  ၃ ရက်စွဲဖြင့်  လည်းကောင်း၊ “ ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာမှ AAအဖွဲ့ နှင့် ပတ်သက်ဆက်နွယ်သူ ၂ ဦးအား ဖမ်းဆီးရမိကြောင်း”နှင့်  “AA အဖွဲ့၏ လုပ်ရပ်များကို မနှစ်မြို့ဘဲ နယ်မြေဒေသ အေးချမ်းမှုကို လိုလားသူများ၏ သတင်းပေးပို့မှုဖြင့် ရခိုင်ပြည်နယ်၊  အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များ အတွင်း AA အဖွဲ့ဝင်များ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွယ်သူများ ထပ်မံဖမ်းမိရမိ ကြောင်း” ဧပြီ ၄ ရက်စွဲဖြင့် လည်းကောင်း ထုတ်ပြန်မှုများလည်း ပြုလုပ်ခဲ့ပါသည်။

MNTJP/MNDAA,  PSLF/ TNLA, ULA/ AA ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း  ဧပြီ ၁ ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး  “ လတ်တလောတွင် နိုင်ငံတကာမှ ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲကြရန် တိုက်တွန်းသံများ ပိုမိုများပြားလာကြောင်းနှင့် ပြည်သူလူထူများ စိုးရိမ်မှုမရှိစေရေး၊ အိမ်နီးချင်းနိုင်ငံ နယ်နိမိတ်ဒေသများ၏ တည်ငြိမ်အေးချမ်းစေရေးတို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် တဖက်သတ်အပစ်ရပ်ကာလ သက်တမ်း တလ ထပ်မံတိုးမြှင့်ကြောင်း” ဖော်ပြခဲ့ပါသည်။

“ပြည်တွင်းစစ်ရေး ပဋိပက္ခကြောင့် စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားပြည်သူတို့ကို COVID -19 ကူးစက်နိုင်ခြေရှိသောကြောင့် ပစ်ခတ်တိုက်ခိုက်မှုအားလုံးကို ခြွင်းချက်မရှိရပ်ဆိုင်းပေးကြရန်”  ကရင်အမျိုးသားပါတီ( KNDP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ဧပြီ ၂ ရက်နှင့် ဧပြီ ၄ ရက်တို့ တွင် ကြေညာချက်အသီးသီး ထုတ်ပြန်၍ တောင်းဆိုခဲ့ကြပါသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များကလည်း  “မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရှိသော မိသားစုများ၏အကျိုးအတွက် မြန်မာတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ ရပ်တန့်ပေးရန်၊ ပဋိပက္ခများအား ဆွေးနွေးအဖြေရှာရန်၊ အင်တာနက်နှင့် မီဒီယာကန့်သတ်မှုများကို ဖယ်ရှားပေးရန် အစရှိသည့် တိုက်တွန်းမှုများအား ထောက်ခံကြောင်း” ဧပြီ ၁ရက်စွဲဖြင့်  ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ ပထမပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။