ထုတ်ပြန်ကြေညာချက်များ (ဧပြီ တတိယပတ်)    

Post By Pan Su Wai, On April 21, 2020

ထုတ်ပြန်ကြေညာချက်များ (ဧပြီ တတိယပတ်)    

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ (ဧပြီ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်  အရပ်ဘက်အဖွဲ့အစည်းများမှ  စုစုပေါင်း ၁၅ ခု ထက်  မနည်းသော  ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် အစိုးရမှ ခုနစ်ခု အထိ ထုတ်ပြန်ခဲ့ပြီး တပ်မတော်မှ လေးခု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ နှစ်ခုစီ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

ဧပြီ တတိယပတ်ကာလအတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များအနက် ဧပြီ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော နိုင်ငံတော်သမ္မတရုံးမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်ပတ်သက်သည့် ထုတ်ပြန်ချက်သုံးခုမှာ အများပြည်သူအကြား  လှုပ်ခတ်မှု ဖြစ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များတွင် “ အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ စုစုပေါင်း ၂၄၈၉၆ ဦးတို့အား စည်းကမ်း သတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး နိုင်ငံခြားသား အကျဉ်းသား/သူ ၈၇ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း” ဖော်ပြ ခဲ့ပါသည်။

COVID -19 ကပ်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှလည်း ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။ ဧပြီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် “COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နာရေးကိစ္စအပါအဝင် ကိစ္စရပ် ကိုးခုမှအပ လူငါးဦး ဖြစ်စေ၊ လူ ငါးဦး ထက်ပို၍ ဖြစ်စေ စုဝေးခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဧပြီ ၁၈ ရက်စွဲဖြင့် ကြေညာချက်တခု ထပ်မံထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် “COVID-19 ရောဂါ ကူးစက်ပြန့်နှံမှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင်သာ နေထိုင်ရန်လိုအပ်ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ပြီး လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ယင်းထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

ဆက်လက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း “ COVID- 19 နှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာဆောင်ရွက်ရန်” ဧပြီ ၁၉ရက်စွဲဖြင့် အသိပေးထုတ်ပြန်ချက် တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာတနိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဧပြီ ၂၀ရက်မှ ၃၀အထိ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက “AA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပလက်ဝဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်တောင်ကုန်းအား ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း” ထုတ်ပြန်ချက်ကို ဧပြီ ၂၀ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ AA အဖွဲ့က သိမ်းပိုက်ထားသည့် ပလက်ဝမြို့ အရှေ့ တောင်ဘက်ရှိ မြန်မာ့ဆက်သွယ်ရေးတာဝါတိုင် တပ်ဆင်ထားသည့် တောင်ကုန်းအား တပ်မတော် စစ်ကြောင်းများက ဧပြီ ၁၄ရက်တွင် အဆင့်ဆင့် ရယူတိုက်ခိုက်ခဲ့ရာ AAတပ်ဖွဲ့ဝင်များက ဧပြီ၁၅ရက်တွင် အများပြည်သူ အသုံးပြုလျက်ရှိသော ဆက်သွယ်ရေးတာဝါတိုင်နှင့် စက်ပစ္စည်းများကို ဖျက်ဆီး၍ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “AAအဖွဲ့က ရိက္ခာများသယ်ဆောင်ရန် စောင့်ဆိုင်းနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပုဏ္ဏားကျွန်းမြို့အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း” ဧပြီ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်နှင့် “ကျောက်တော်မြို့ လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား AAအဖွဲ့က အဝေးထိန်းရီမုမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း” ဧပြီ ၁၇ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာထားခြင်းခံထားရသည့် ULA/AA အဖွဲ့ကလည်း ဧပြီ ၁၉ရက်စွဲဖြင့် “ ပလက်ဝဒေသနေ ပြည်သူများအတွက် ဆေးဝါး၊ ရိက္ခာ၊ အခြေခံလူသုံးပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်” နှင့် ဧပြီ ၂၀ရက်စွဲဖြင့် “ပလက်ဝဒေသ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ “ဒုတိယအကြိမ်” အသိပေးထုတ်ပြန်ကြေညာချက်” များကို ထုတ်ပြန်ခဲ့ပါသည်။

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ ဆန်အရေးတကြီးလိုအပ်နေမှုနှင့် ပတ်သက်၍ ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးကော်မတီ (RRCCI) က “ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် ၃၇၀၀ ခန့်အတွက် ဆန်အရေးတကြီးလိုအပ်ကြောင်း” ဧပြီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

RRCCI ၏ အဆိုပါထုတ်ပြန်ချက်တွင် “ တပ်မတော်နှင့် AA အဖွဲ့အကြား လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် လွန်ခဲ့သောတပတ်ခန့်မှစတင်ကာ ပလက်ဝမြို့နားတဝိုက်ရှိ စစ်ဘေးရှောင် ၃၆၆၅၇ ဦး မြို့ပေါ်သို့ တိမ်းရှောင်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် စစ်ဘေးရှောင်များကို ကျွေးမွေးရန် ဆန်မရှိတော့ကြောင်း” ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ တတိယပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။