ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On March 26, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှ ၂၆ ရက်အထိ (မတ်လ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာခဲ့မှု၊ အစိုးရ၏ ကြေညာချက်မှာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးခြင်းဖြစ်သည်ဟု AA အဖွဲ့က ပြန်လည်တုံ့ပြန်ခဲ့မှုတို့သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို လှုပ်ခတ်စေခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။

ထို့ပြင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်းမှာ ဆွေးနွေးနေသည့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ဆွေးနွေးနေမှုများကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက ပြောကြားခဲ့ခြင်း၊ AA အဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချ လှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် ချင်းအမျိုးသားတပ်ဦး(CNF)က တောင်းဆိုခဲ့ခြင်း တို့မှာလည်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရအနေဖြင့် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်းမှာ ဆွေးနွေးနေဆဲဖြစ်သည့် ပဏာမအပစ်ရပ်စာချုပ်(Bilateral) ကိစ္စရပ်အပေါ် အဟန့်အတား ဖြစ်စေနိုင်သည်ဟု AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့မှ KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့တို့က သုံးသပ်ပြောကြားခဲ့ခြင်းမှာ ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ငန်းစဉ်အတွက် သတိပြုစရာသတင်းတပုဒ် ဖြစ်ခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် KIA အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုလိုကြေညာခြင်းမှာ နိုင်ငံရေးဆွေးနွေးမှုဘက်က ကြည့်ပါက အနုတ်လက္ခဏာ ဖြစ်ကြောင်း ပြောကြားသကဲ့သို့ TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း စစ်ရေးပဋိပက္ခများ ပြေလည်စေ လိုပါက တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရန် လိုအပ်သည်ဟု သုံးသပ်ခဲ့သည်။

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားခဲ့သည်။ သို့ရာတွင် တရုတ်နှစ်သစ်ကူးကာလကြောင့် ဖေဖော်ဝါရီ ဒုတိယပတ်သို့ ထပ်မံရွှေ့ဆိုင်းခဲ့ရပြီးနောက် COVID- 19 ကူးစက်ရောဂါဖြစ်ပွားနေ၍ ယခုအချိန်ထိ မတွေ့ဆုံနိုင်သေးကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာခဲ့ခြင်း မှာ မတ်လ နောက်ဆုံးပတ်အတွင်း စိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်ခဲ့သည်။ AA အဖွဲ့နှင့် ပတ်သက်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကြေညာချက်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တို့ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

ထုတ်ပြန်မှုနှင့် ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးရေးလမ်းကြောင်းအရ ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သော်လည်း AA သည် ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းစဉ်အပေါ်တွင် ပါဝင်လိုသည့် အဖွဲ့အစည်းမျိုးမဟုတ်ဟု 7 Day Daily သတင်းစာသို့ ပြောကြားခဲ့သည်။

နောက်ထပ်အာရုံစိုက်စရာသတင်းတပုဒ်မှာ AA အဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချ လှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် ချင်းအမျိုးသားတပ်ဦး (CNF) က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

မတ်လအတွင်း ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ CNF ၏ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည့် ညီလာခံအပြီး ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်နှင့် AA အဖွဲ့အကြား ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသကဲ့သို့ ဒေသခံ ထောင်နှင့် ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါသည်။

၂၀၂၀ ပြည့်နှစ် မတ်လနောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။