ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ ဒုတိယပတ်)

Post By Pan Su Wai, On January 14, 2020

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ ဒုတိယပတ်)

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၇ ရက်မှ ဇန်နဝါရီ ၁၃ ရက်အထိ(ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ လေးခုအထိ ထွက်ရှိခဲ့ပြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တခုစီ၊ AA အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီ ထုတ်ပြန်ခဲ့ပါသည်။

ဇန်နဝါရီဒုတိယပတ်အတွင်း ထုတ်ပြန်ချက်များအနက် ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)၏ ထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့သည်။ အချက်လေးချက်ပါ အဆိုပါထုတ်ပြန်ချက်တွင် AA လက်နက်ကိုင်အဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေးကျေးရွာတွင် ဝင်ထွက်အခြေပြုခဲ့ပြီး အခြေပြုစဉ်အတွင်း AA အဖွဲ့ဝင်တဦးက ကျေးရွာရှိ ချင်းအမျိုးသမီးငယ်တဦးအား လက်နက်ဖြင့် ခြိမ်း ခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားသဖြင့် ကျေးရွာလူကြီးမိဘများမှ ကန့်ကွက်တားဆီးသည်ကို အကြောင်းပြုကာ ကျေးရွာတာဝန်ရှိလူကြီးများအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း၊ လူငယ်များအား ကျေးရွာရှေ့ကုလားတန်မြစ်ကမ်းနံဘေးတွင် နေပူထုတွင် ချည်နှောင်ထားခြင်း၊ ကျေးရွာသားများအား ကျီးလေရွာမြောက်ဘက်တောနက်ထဲရှိ ၎င်းတို့၏ စခန်းအရောက် ဆန်နှင့် ရိက္ခာများ သယ်ယူစေခြင်း၊ ထို့ပြင်  ကျေးရွာမှ အခြားသို့ထွက်သွားလိုသူများအား ထွက်သွားခွင့်မပြုဘဲ ကျေးရွာတွင် အတင်းအကျပ်တားဆီးထားခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိကြောင်း ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် AA အဖွဲ့သည် ဆီးဖလောင်းကျေးရွာမှ ချင်းလူမျိုးကျောင်းဆရာတဦးနှင့် ကျေးရွာသား ရခိုင်လူမျိုးနှစ်ဦးအား ဇန်နဝါရီလ ၇ ရက် ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ သုံးဦးစလုံး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း၊ ယခင်ကလည်း ပလက်ဝမြို့နယ်အတွင်း ချင်းလူမျိုးပညာရေးဝန်ထမ်းများအား ဖမ်းဆီးခေါ်ယူသွားခဲ့ပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်းနှင့် ယခုကဲ့သို့ပညာရေးဝန်ထမ်းများအား ဦးတည်ပြီး အသက်အန္တရာယ်ထိပါးလာခြင်းသည် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်နေခြင်းဖြစ်သကဲ့သို့ ပညာသင်ကြားရေးကိုပါ ထိခိုက်နစ်နာစေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်၏ နောက်ဆုံးအချက်အနေဖြင့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံအပြစ်မဲ့ချင်းတိုင်းရင်းသားများအပေါ်  နည်းအမျိုးမျိုးဖြင့်လူ့အခွင့်အရေးချိုးဖောက်နေမှုများအပြင် ယခုအခါ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ရန်လုပ်ဆောင်လာခြင်းကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့စည်းအနေဖြင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း KACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

အလားတူ တပ်မတော်ကလည်း AA အဖွဲ့က ပလက်ဝမြို့နယ်အတွင်းရှိ ကျောင်းဆရာတဦးနှင့် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ AA အဖွဲ့က ဇန်နဝါရီ ၁၂ရက်စွဲဖြင့်  ကြေညာချက် နှစ်စောင်ထုတ်ပြန်ခဲ့ပြီး ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီနှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်များမှ စွပ်စွဲမှုများကို ငြင်းဆန်ခဲ့ပါသည်။

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍  AA အဖွဲ့က  ပလက်၀မြို့နယ် ကျီးလေးရွာအတွင်းသို့   ဇန်နဝါရီလ ၈ ရက်က AA လှုပ်ရှားစစ်ကြောင်း  ဝင်ရောက်ခဲ့ရခြင်းအကြောင်းမှာ ယင်းရွာအတွင်းရှိ ရန်သူသတင်းပေးအချို့အား တွေ့ဆုံရန်နှင့် သတိပေးရန် ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ ရန်သူသတင်းပေးအချို့မှာ ထွက်ပြေးသွားခဲ့၍ ကျန်ခဲ့သည့် သူရွာသားများအား စစ်ဆေးမေးမြန်းစဉ်အတွင်း ရွာသားအချို့အား မိမိတို့တပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခြင်း၊ ထုထောင်းခြင်း အနည်းငယ်ရှိခဲ့သည်ဟု ဦးစွာဖော်ပြခဲ့သည်။

ထို့ပြင် ချင်းအမျိုးသမီးငယ်တဦးအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားသည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်၍ အဆိုပါအမျိုးသမီးမှာ ထွက်ပြေးလွတ်မြောက်သွားသော ရန်သူ့သတင်းပေးဟု သံသယရှိသူ၏သမီးဖြစ်ပြီး သူမအား စစ်ဆေးမေးမြန်းရာတွင် အနည်းငယ်ရိုက်နှက်ခဲ့ခြင်းမှာ ဟုတ်မှန်သော်လည်း လက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားခဲ့ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ရန် လုပ်ဆောင်လာခြင်းများ လုံးဝမရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိဘဲ ၎င်းတို့အဖွဲ့အစည်းအား စွပ်စွဲကာ ထုတ်ပြန်ခြင်းမျိုးဖြစ်ပြီး KACC သည် ရန်သူကျောထောက် နောက်ခံအဖွဲ့အစည်းတခုဖြစ်၍ ယခုကဲ့ သို့သော စွပ်စွဲခြင်းမျိုးအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ထပ်မံဖော်ပြခဲ့သည်။

ဆက်လက်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူတပ်မှူးနှင့် တပ်ဖွဲ့ဝင်များကို သေချာစွာ စစ်ဆေးခဲ့ပြီး လိုအပ်သည်ထက် ပိုမိုရိုက်နှက်ခဲ့သူများကို  စည်းကမ်းနှင့်အညီ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း၊ ရိုက်နှက်ခံရသည့် ရွာသူ/ရွာသားများ ကျေနပ်သည်အထိ စီစဉ်ဆောင်ရွက်သွားရန် ပြုလုပ်လျက်ရှိပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များမှ KACC စွပ်စွဲထားသည့်အတိုင်း ကျူးလွန်ခဲ့ခြင်းမရှိပါက KACC အနေဖြင့် စွပ်စွဲချက် မှားယွင်းကြာင်း ထုတ်ပြန်ပေးရန်လိုအပ်လိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်သည့်  AA အဖွဲ့၏ ထုတ်ပြန်ချက်၌ “ သေဆုံးနေသည့် ရွာသားသုံးဦးအား  တွေ့ရှိသည့် နေရာမှာ ပလက်ဝမြို့မှ (၂.၅) ကီလိုမီတာခန့် အကွာအဝေးတွင်ရှိသော နေရာသာ ဖြစ်ကြောင်း၊ ထို့ပြင် သေဆုံးသူများအား  တွေ့ရှိရသည့်နေရာများမှာ ပလက်ဝအခြေစိုက် ခလရ (၂၀၉) ၏လှုပ်ရှားသွားလာ၊ လုံခြုံရေးယူထားသည့် နေရာ ပင် ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့အနေဖြင့် အဆိုပါနေရာများတွင် လှုပ်ရှားသွားလာခြင်းမရှိဘဲ မြန်မာ့တပ်မတော်၏တပ်ရင်းများလှုပ်ရှားသည့် နေရာများသာ ဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့သည်။

ဆက်လက်ပြီး  AA အဖွဲ့က  ၎င်းတို့အဖွဲ့အစည်းအနေဖြင့် ယခုသေဆုံးသွားသူများနှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုကို လိုလားပြီး အမှန်တရားပေါ်ပေါက်ရေးအတွက် မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

ဇန်နဝါရီလ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်မှာလည်း သတိပြုစရာ ဖြစ်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်၌  “၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မြောက်ဦးမြို့နယ်၊ နယ်မြေခံရဲတပ်ဖွဲ့မှ မိသားစုဝင်များသည် တပ်ဖွဲ့ပိုင်မော်တော်ကားယာဉ်နှစ်စီးဖြင့်  မြောက်ဦးမြို့မဈေးသို့ သွားရောက်  ဈေးဝယ်ပြီး ပြန်လာစဉ် မြောက်ဦးမြို့၊ သကျမာန်အောင်ဘုရားအနီးတွင် AA အဖွဲ့မှ ရီမုမိုင်းတလုံးဖြင့် မိုင်းထောင်  ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ပိုင် မော်တော်ကားယာဉ်အား ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်း” ဦးစွာ ဖော်ပြခဲ့သည်။

ယင်းနောက် “ AA အဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုနေသောလမ်းများပေါ်တွင် လက်နက်ကိုင်တိုက်ခိုက်ရန် ရည်ရွယ်ချီတက်လှုပ်ရှားသွားလာမှုမဟုတ်သည့်ယာဉ်များ၊ မြို့တွင်းရှိ ဘုရား၊ စေတီများအနီးတို့တွင်  အများပြည်သူနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များ ဒုက္ခရောက်စေရန် လူ့အခွင့်အရေးချိုးဖောက်ကာ အဖျက်အမှောက်လုပ်ငန်းများ ကျူးလွန်လျက်ရှိသည်ကို ထင်ရှားစွာတွေ့ရသဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း”  ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။

PSLF/ TNLA အဖွဲ့က “၅၇ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့” သဘောထားထုတ်ပြန်ချက်တခုကို ဇန်နဝါရီ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ  “၂၀၁၉ ခုနှစ်တွင် တိုက်ပွဲများပြင်းထန်ပြီး တွေ့ဆုံဆွေနွေးမှုများမှ တိုးတက်သည့် နိုင်ငံရေးအဖြေများ မရရှိနိုင်ခဲ့ခြင်းကို အသေအချာသုံးသပ်၍  ၂၀၂၀ ခုနှစ်တွင် နှစ်ဖက်အပစ်အခတ်ရပ်ဆိုင်းရေး ပြုလုပ်ကာ  တိုက်ပွဲများ အဆုံးသတ်နိုင်ရန် အထူးမျှော်လင့်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ညီနောင်မဟာမိတ် သုံးဖွဲ့၏အဖွဲ့ဝင် ဖြစ်သည့် မိမိတို့ PSLF သည် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တဖက်သတ်အပစ်ရပ်ကာလ နှစ်လ ထပ်မံတိုးကြောင်းထုတ်ပြန်ထားသည့်အတိုင်း တိုက်ပွဲများ မဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်မှလည်း တိုင်းရင်းသားဒေသ ထိုးစစ်များကို လျှော့  ချ ရပ်တန့်ကာ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုလမ်းကြောင်းကို လက်တွေ့ဖော်ဆောင်ရန်  အထူးတိုက်တွန်းကြောင်း”ဖော်ပြခဲ့ပါသည်။

ဂရုပြုစရာကောင်းသည့် နောက်ထပ်ထုတ်ပြန်ချက်တခုမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇန်နဝါရီ ၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပလက်ဝမြို့နယ်အတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို သက်တမ်း(၂)လ ထပ်တိုးခဲ့သည့်ထုတ်ပြန်ချက်ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ဒုတိယပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။