ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On September 18, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ် စွန့်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်မှာ လက်နက်ချခိုင်းခြင်း မဟုတ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းခဲ့သည့်သတင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အကြား အွန်လိုင်းမှ တဆင့် ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည့် သတင်းများ ရှိခဲ့ပါသည်။

ထို့အပြင် တပ်မတော်၏ အပစ်ရပ်ကြေညာချက် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ကောင်းစွာအထောက်အကူ ဖြစ်စေ၍ ကြိုဆိုကြောင်း NRPC က ထုတ်ပြန်ခဲ့ခြင်း၊ ‘ဝ’ အဖွဲ့က ပထမဆုံးဗိုလ်လောင်းသင်တန်းကို ပန်ဆန်းတွင် ဖွင့်လှစ်ခဲ့ခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်သော သတင်းများအနက် ထိပ်ဆုံးတွင် ရှိခဲ့သည့်သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံး ဖြစ်သည့် ‘ဝ’ အဖွဲ့(UWSP/UWSA)၏ ဗိုလ်လောင်းသင်တန်းကို စက်တင်ဘာ ၁၁ ရက်က ၎င်းတို့ထိန်းချုပ် နယ်မြေ ပန်ဆန်းမြို့၊ ရောင်တိမ်းကျေးရွာ စတင်ဖွင့်လှစ်ခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက စက်တင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

ယခုစတင်ဖွင့်လှစ်လိုက်သည့် ဗိုလ်လောင်းသင်တန်းမှာ လေးနှစ်သင်တန်းဖြစ်သည်ဟု ‘ဝ’ အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောကြားခဲ့သော်လည်း ယခုသင်တန်းတွင် သင်ကြားမည့် နည်းစနစ်များ၊ သင်ကြားပေးမည့် ဆရာများနှင့် ပတ်သက်၍မူ မရှင်းလင်းသေးကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

‘ဝ’ တပ်ဖွဲ့ အနေဖြင့် ယခုကဲ့သို့ ဗိုလ်သင်တန်းကျောင်း ဖွင့်လှစ် ခြင်းထက် NCA လမ်းကြောင်းကို လျှောက်လမ်းသည့်ဘက်ကို ပိုအာရုံစိုက်သင့်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဧရာ၀တီကို မှတ်ချက်ပေးခဲ့ကြောင်း သိရပါသည်။

ထို့အပြင် မြန်မာတိုင်းမ်သတင်းဌာနက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည့် အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ အွန်လိုင်းမှတဆင့် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သတင်းလည်း ရှိခဲ့ပါသည်။

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တွင် အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ULA/AA အဖွဲ့ အပြင် KIO/KIA၊ PSLF/TNLA၊ ‌MNTJP/MNDAA အဖွဲ့တို့ ပါဝင်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အွန်လိုင်းမှတဆင့် ဆွေးနွေးသွားကြမည်ဟု သဘောတူညီမှုရရှိခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မြန်မာတိုင်းမ်ကို ပြောကြားခဲ့သည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့၏ တွေ့ဆုံမှုကို ၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ကူမင်းမြို့တွင် နောက်ဆုံးပြုလုပ်ထားခြင်းဖြစ်သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ် စွန့်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်မှာ လက်နက်ချခိုင်းခြင်း မဟုတ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းခဲ့မှုကို စက်တင်ဘာ ၁၄ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ် စွန့်ရန် ပြောကြားချက်မှာ လက်နက်ချ ခိုင်းခြင်း၊ လက်နက်အပ်နှံခိုင်းခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးစားပွဲပေါ် လာရောက်ရန် ပြောဆိုခြင်းသာ ဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ‘ဝ’ အဖွဲ့(UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ထပ်လောင်းပြောကြားခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ 7 Day Daily သတင်းစာက စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သော တပ်မတော်၏ အပစ်ရပ်ကြေညာချက်မှာ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ကောင်းစွာအထောက်အကူဖြစ်စေ၍ ကြိုဆိုကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ထုတ်ပြန်ခဲ့သည့် သတင်း ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၂၀၂၀ ပြည့်နှစ် မေ ၁၀ရက်မှ စက်တင်ဘာ ၃၁ ရက်အထိ အကြမ်းဖက်အဖွဲ့ အစည်းများ ရှိသည့်နေရာများမှ အပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့်အပေါ် NRPC က ကြိုဆို ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

ထိုကဲ့သို့ NRPC က ထုတ်ပြန်ခဲ့ခြင်းသည် အပြုသဘောဆောင်ပြီး တပ်မတော်၏ အပစ်ရပ်ကြေညာမှု သက်တမ်းကုန်ဆုံးမည့် စက်တင်ဘာ ၃၁ ရက်နောက်ပိုင်း အပစ်ရပ်သက်တမ်းတိုးရေးအတွက် အထောက် အကူ ဖြစ်စေနိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူများကမှတ်ချက်ပြုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။