တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On November 18, 2020

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (နိုဝင်ဘာ ဒုတိယပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ပေါက်ကွဲမှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ရက်သတ္တပတ် သုံးပတ်ဆက် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း မြေပုံ၊ အမ်း၊ မောင်တောမြို့နယ်များတွင် လက်နက်ကြီးကျည် ပေါက်ကွဲမှု၊ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားခဲ့ပါသည်။ သို့ရာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်အတွက် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များမှ စစ်ရှောင်ဒေသခံအချို့ နေရပ်သို့ ပြန်သွားခဲ့ကြပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ ယခုရက်သတ္တပတ်အထိ ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း အရပ်သားထိခိုက်သေဆုံးမှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း ဧရာ၀တီနှင့် 7 Day သတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။

7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ မြေပုံနှင့် အမ်းမြို့နယ်အတွင်း စစ်လက်ကျန်မိုင်းနှင့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် နိုဝင်ဘာ ၁၃ ရက် တရက်တည်းတွင် ဒေသခံတဦး သေဆုံး၊ သုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

မြေပုံမြို့နယ်အတွင်း ရန်ကုန်-စစ်တွေ ကားလမ်းတွင် လမ်းလုပ်နေကြသည့် လမ်းလုပ်သားများမှာ မပေါက်ကွဲဘဲ ရှိနေသော လက်နက်ကြီးကျည်အား ကိုင်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ တဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့သကဲ့သို့ အမ်းမြို့နယ် နတ်မော်ကျေးရွာမှ ရွာသားတဦးမှာလည်း ရွာအနီးရှိ ၎င်း၏ စိုက်ခင်းသို့သွားစဉ် မြေမြှုပ်မိုင်း ထိမှန်ဒဏ်ရာရ၍ ခြေထောက်တဖက် ဖြတ်ခဲ့ရကြောင်း 7 Day သတင်းတွင် ပါရှိခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ်တွင် အလှူပွဲမှ ပြန်လာသော ကားတစီး လမ်း၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကားပေါ်တွင် ပါလာသော ကိုးဦးအနက် သုံးဦး သေဆုံးပြီး ခြောက်ဦး ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။

ခရေမြိုင်ကျေးရွာသားများသည် မောင်တောမြို့နယ် သာယာကုန်းကျေးရွာ၌ ပြုလုပ်သည့် ကထိန်ပွဲသို့ ကားဖြင့် သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ်တဦး အပါအဝင် အမျိုးသား တဦးနှင့် အမျိုးသမီး တဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး အမျိုးသား တဦးနှင့် အမျိုးသမီး ငါးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ ARSA အဖွဲ့က ထောင်ထားသည့် ကားမိုင်းကို နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

အရပ်သားထိခိုက် သေဆုံးမှုများ ရှိနေသော်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိတော့ခြင်းကြောင့် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များမှ စစ်ရှောင်ဒေသခံအချို့မှာ နေရပ်သို့ ပြန်သွားခဲ့ကြကြောင်း VOA သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သော မဲဆန္ဒနယ်မြေများတွင် ပြန်လည်ကျင်းပနိုင်မည့် အခြေအနေများ ဖန်တီးရန် AA အဖွဲ့နှင့် တပ်မတော်တို့ အပြန်အလှန် ထုတ်ပြန်ချက်များ ထွက်ရှိခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေသကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများလည်း လျော့နည်းလာကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။